မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များ အတွက် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့် အစီအစဉ် နှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များ အတွက် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့် အစီအစဉ် နှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက်

 


(ပြန်လည်ဖြေဆိုသင့်ကြောင်း တိုက်တွန်းပြောဆိုထားသည်များကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်)

နေပြည်တော်၊ ဧပြီလ ၂၇ ရက်

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ မမျှော်လင့်ဘဲ ကျရောက်တတ်ပြီး ကြိုတင်မျှော်တွေးတွက်ချက်၍ မရနိုင်သော သဘာဝဘေးအန္တရာယ်မျိုး ကျရောက်တတ်ပါသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် အင်အားအလွန်ပြင်းထန်သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းကို မတ်လ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့ အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက်များအား အခုလိုပဲ ကြားသိရပါတယ် -


ဒေါက်တာချောချောစိန်(ညွှန်ကြားရေးမှူးချုပ်၊လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန)

အခုဆိုလို့ရှိရင် မန္တလေးငလျင်ကြီးကြောင့်မို့လို့ GRADE-12 ကလေးတွေက ပြန်ပြီးတော့ ဖြေရမယ်ဆိုတာမျိုးတွေ ဝန်ကြီးဌာနကနေပြီးတော့ ပြောကြားပြီး လည်းဖြစ်တယ်ပေါ့နော်။ အဲ့ဒါနဲ့ပတ်သတ်ပြီးလို့ရှိရင်လည်း အမျိုးမျိုးအဖုံဖုံတွေ ပြောနေကြတာတွေလည်း ရှိတယ် ပေါ့နော်။ အဲ့တော့ဒီနေရာမှာ ကျွန်မအနေနဲ့ ပြောချင်တာကတော့ အခုလိုပြန်ပြီးတော့ စာမေးပွဲတွေ ပြန်စစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်က အဓိကက ၃ ခုရှိပါတယ်။ ပထမ တစ်ချက်ကတော့ fairness ဖြစ်ဖို့ပါ၊ မျှတမှုဖြစ်ဖို့ အတွက်ပေါ့နော်။ ဒုတိယတစ်ချက်ကတော့ diginity လို့ခေါ်တဲ့ ဂုဏ်သိက္ခာရှိဖို့အတွက်နဲ့ တတိယအချက်ကတော့ academic career ပေါ့ အထောက်အကူ ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့တော့ ပထမ တစ်ချက်ဖြစ်တဲ့ fairness ဆိုတဲ့အခါမှာ မေးခွန်းထုတ်စရာရှိပါတယ်။ ဘယ်လိုမျှတမှုကို ဆိုလိုချင်တာလဲ ဆိုတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါဆိုလို့ရှိရင် ကျွန်မအနေနဲ့ ဥပမာလေးတစ်ခုပေးမယ်ပေါ့။ ရန်ကုန်တိုင်းမှာဖြေဆိုခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ အများကြီးရှိမယ်။ အဲ့ထဲမှာ အရည်အချင်းတစ်ယောက်နဲ့ တစ်ယောက် မတူတာတွေရှိမယ်။ ဥပမာဆိုလို့ရှိရင် စာမေးပွဲအောင်မြင်ဖို့အတွက်ကို သိပ်ပြီးတော့ အခွင့်အလမ်းမရှိတဲ့သူတွေလည်း ရှိတာပေါ့နော်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ပေါ်မှာ မူတည်ပြီးတော့ အဲ့တာဆိုသူက အရှုံးထဲမှာပါနေမယ် ဆိုပါတော့။ အဲ့တော့ မန္တလေးတိုင်း ဒေသကြီးမှာလည်း ထိုနည်းလည်းကောင်းပဲ ရန်ကုန်တိုင်းက ကျောင်းသားလိုပဲ အရည်အချင်း ရှိတဲ့ သူတစ်ယောက်ရှိချင်ရှိလာမယ်။ အကုန်လုံးကိုသာ အအောင်ပေးလိုက်မယ် ဆိုလို့ရှိရင် တော့ ဒါဆိုရင် ရန်ကုန်တိုင်းက သူတွေအတွက်က ဘာပြောလာမလဲ။ မန္တလေးက သူတွေက ကျတော့ သူတို့ကိုကျ အအောင်ပေးတယ်။ ရန်ကုန်တိုင်းက သူတွေကျတော့ အအောင်မပေး ဘူးလားဆိုပြီး တရားမျှတမှု မရှိသလိုဖြစ်သွားမယ်။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ကြိုးစားအားထုတ်ပြီးတော့ One to Ten ထဲမှာ ဝင်ချင်တဲ့ သူတွေလည်း ရှိတယ်။ သူတို့ကို လည်း ဒီလိုပဲ ရိုးရိုးအောင်သွားမယ်ဆိုရင် အဆင်ပြေပါ့မလား ဆိုတာလည်း ရှိတယ်။ ဒါကြောင့် တရားမျှတမှု ရှိစေဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ ဂုဏ်သိက္ခာရှိဖို့ဆိုတာက မန္တလေးငလျင်ကြောင့် အကုန် အအောင်ပေးလိုက်တယ် ဆိုပါစို့။ ဒါဆို အကုန်အအောင်ပေးလိုက်တဲ့ ခေတ်မှာ အောင်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုပြီး တချို့က ပြောလာကြမှာဖြစ်ပါတယ်။ ဒီလိုအပြောခံ နိုင်ပါ့မလားဆိုတာလည်း စဉ်စားကြရပါတယ်။ ဘာပဲပြောပြော ကျောင်းသား၊ ကျောင်းသူတွေ အားလုံးဟာ ကိုယ့်ရဲ့ မာန်မာနလေးတွေ၊ ကြိုးစားအားထုတ်မှုလေးတွေကိုတော့ ပြချင်ကြ တာဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်သိက္ခာရှိဖို့အတွက် စာမေးပွဲကို ပြန်လည်ကျင်းပခြင်းလည်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ academic career ဆိုတာကလည်းအရေးကြီး ပါတယ်။ Grade-12 ဆိုတာက Grade-10 တို့ Grade-11 တို့နဲ့ မတူပါဘူး။ Grade-12 ဆိုတာက အသက်မွေးပညာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်အောင်လက်မှတ် တစ်ခုဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းတက္ကသိုလ်တင်သာမက နိုင်ငံတစ်ကာ တက္ကသိုလ်တွေကို သွားမယ် ဆိုရင်လည်း Grade-12 က GCE O Level နဲ့ တူညီပါတယ်။ နိုင်ငံတကာရဲ့ ဝင်ခွင့်တွေကို လျှောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့ performance တွေကိုပြဖို့ လိုအပ်ပါတယ်။ တစ်နည်းအား ဖြင့် ပြောရမယ်ဆိုရင် Academic Record တွေဖြစ်တယ်။ မူ၊ လယ်၊ ထက် ကနေပြီးတော့ တက်လာတဲ့ကျောင်းသားတွေက သူတို့ရဲ့ Performance တွေ ကြိုးစားအားထုတ်မှုတွေကို စုစည်းလာတဲ့အခါမှာ Grade-12 မှာ စုဘူးလေး တစ်နည်းအားဖြင့် တစ်ဝက်ပြည့်လာတယ် ပေါ့နော်။ အဲဒီရဲ့ပေါင်းကူးအဖြစ် တက္ကသိုလ်ကို တက်တဲ့အခါမှာ Grade-12 က အရေးကြီး ပါတယ်။ အားလုံးကို စာမေးပွဲ မဖြေခိုင်းတော့ဘူးဆိုရင် သူတို့ရဲ့ Grading ကိုဘယ်လို သတ်မှတ်မလဲ။ Validity နဲ့ Recognition ကို ဘယ်လိုအသိအမှတ်ပြုရမလဲ ဆိုတာတွေလည်း ရှိနေတဲ့အတွက် စာမေးပွဲကို ပြန်လည်ကျင်းပပေးခြင်းဖြစ်ပါတယ်။ ကျွန်မလည်း ဒီအတော အတွင်းမှာ လံလာကြည့်လိုက်တဲ့အခါ ဥပမာလေးနှစ်ခု ပေးပါမယ်။ ပထမတစ်ခုက ၂၀၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ Johart ကျောင်း မီးလောင်မှုဖြစ်ခဲ့ပါတယ်။ India Today ရဲ့ Website ထဲမှာ ကျွန်မကြည့်လိုက်တယ်။ ဒီလိုမီးလောင်မှု ဖြစ်စဉ်ကြောင့် ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ပြန်လည်ဖြေကြားခဲ့ရမှုရှိခဲ့ပါတယ်။ နောက်တစ်ခု ကတော့ ဂျပန်နိုင်ငံပေါ့နော်။ ဂျပန်နိုင်ငံဆိုလို့ရှိရင် အားလုံးသိပါတယ်။ Earthquake နဲ့ Tsunami အမြဲတမ်းတွဲနေတယ်။ ၂၀၁၁ တုန်းကလည်း ဒီလိုမျိုးဖြစ်စဉ်ဖြစ်ခဲ့တယ်။ ၂၀၁၄ မှာဆို့လိုရှိရင် သူတိုနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ပြန်ပြီးတော့ကျင်းပရမယ့် အချိန်မှာ Postpone လုပ်ရတာတွေလည်းရှိတယ်ဆိုတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကတော့ ဖြစ်စဉ်တွေ မတူပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ သက်ဆိုင်ရာနိုင်ငံ အသီးသီးရဲ့ တာဝန်ရှိတဲ့ သူတွေအားလုံး နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆိုနိုင်အောင် အကောင်းဆုံး စီစဉ်ဆောင်ရွက်ကြရတာပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကလေးတွေ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ့် အခါမှာ ပညာရေးဝန်ကြီးဌာနရော၊ နိုင်ငံတော်ကပါ ကလေးတွေ အတွက် အစစအရာရာ ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။ ကလေးတွေ အားလုံးအနေနဲ့ စာမေးပွဲကို ပြန်လည်ဖြေဆိုကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒီငလျင်ဒဏ်ဟာ ဘယ်လိုမှမမျှော်လင့်တဲ့ ဆရာမတို့နိုင်ငံရဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုမှသည် အခွင့်အလမ်း တစ်ခုကို ရအောင်သွားလို့ရပါတယ်။ ဘယ်လိုအခွင့်အလမ်းမျိုးလည်းဆိုရင် နံပါတ်တစ် ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာကို အားလုံးပြသနိုင်တဲ့ အခွင့်အလမ်းတစ်ခုရှိတယ်။ နောက်နံပါတ်နှစ်က ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အားလုံးကို သက်သေပြနိုင်တယ်။ နောက်တတိယအချက်ကတော့ မိမိရဲ့ အနာဂတ်အိပ်မက်ကို သူများထက်နှစ်ဆ ကြိုးစားနိုင် တယ် ဆိုတာကို မြန်မာနိုင်ငံမှာတင်မက ကမ္ဘာကိုပါ ပြသနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ကြမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူအားလုံး စာမေးပွဲ ပြန်လည်ဖြေဆိုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံး ကျောင်းသား၊ ကျောင်းသူ များ Fighting ပါရှင့်။


ဒေါက်တာခင်သီတာ ( ခေတ္တညွှန်ကြားရေးမှူးချုပ်)၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန

နိုင်ငံတော်ကနေပြီးတော့ ဒီကျောင်းသူကျောင်းသားတွေ ပြန်လည်ဖြေဆိုဖို့အတွက် လုံလောက်တဲ့အချိန်သတ်မှတ်ပေးပြီးတော့ ပြန်လည်ဖြေဆိုမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ လည်းပဲ ဒီကျောင်းသူကျောင်းသားတွေ ပြန်လည်ဖြေဆိုဖို့အတွက်ကို Camp တွေ သွင်းပြီးတော့ လေ့ကျင့်သင်ကြားပေးတဲ့ စခန်းတွေမှာ Revision Class တွေဖွင့်လှစ်ပြီးတော့ သင်ကြားပို့ချ မှာပဲ ဖြစ်ပါတယ်။ Revision Class ဆိုတာကတော့ ဆရာမတို့ ဒီကျောင်းတက်စဉ် အချိန် ကာလမှာ အရေးကြီးတဲ့ သင်ခန်းစာတွေကို တက္ကသိုလ်ပါမောက္ခ တွေကိုယ်တိုင်ကနေပြီးတော့ Short to the Point သင်ကြားပို့ချပေးပြီးတော့ ဒီကျောင်းမှာရှိတဲ့ ဆရာ/ဆရာမတွေက ကျောင်းသူကျောင်းသားတွေအတွက်ကို လေ့ကျင့်လမ်းညွှန်ပြီးတော့ သင်ကြားပို့ချပေးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီကျောင်းသူ၊ ကျောင်းသားတွေဟာ Revision Class တွေမှာ တက်ရောက်ပြီးတော့ ပြန်လည်ဖြေကြားရင်တော့ ဒီတက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်မှာပါလို့ ဆရာမ ယုံကြည်ပါတယ်။ လေ့ကျင့်သင်ကြားရေးစခန်းတွေမှာ ကျောင်းသူကျောင်းသားတွေကို သူတို့ရဲ့ စားဝတ်နေရေး၊ နေထိုင်စားသောက်ရေး၊ သောက်ရေ၊ သုံးရေ၊ ချိုးရေကအစ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လုံခြုံရေးစောင့်ရှောက်မှုတွေကိုပါပေးပြီးတော့ သူတို့ကို နေထိုင်စေမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာတွေကို အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့အတွက်ကိုလည်း တက္ကသိုလ်အသီးသီးက ပါမောက္ခတွေကနေပြီးတော့ အနီးကပ်သင်ကြားပို့ချပေးမှာပဲ ဖြစ်ပါ တယ်။ အဲဒီတက္ကသိုလ်တွေက ဆရာ/ ဆရာမတွေ၊ ပါမောက္ခတွေအတွက်လည်းပဲ ဆရာမတို့ ကနေပြီးတော့ သူတို့ရဲ့ စားရေးသောက်ရေးတွေကိုပါ စီးစဉ်ပေးထားမှာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လာပြီးတော့ သင်ကြားမှုမပြုနိုင်တဲ့ ကလေးတွေအတွက်ဆိုရင်လဲပဲ ဆရာမတို့က Online Class တွေကို ဖွင့်လှစ်ပေးမှာပဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့်ပေါ့နော် ဆေးရုံတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေ အတွက်ကို ဆရာမတို့က Online Class တွေကိုအခကြေးငွေမယူဘဲနဲ့ သင်တန်း တက်ရောက်စေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ကို Education Channel ကနေပြီး တော့ သင်ခန်းစာတွေကို အမြဲမပျက်ထုတ်လွှင့်ပေးမှာပဲ ဖြစ်ပြီးတော့ ပုဂ္ဂလိက ကျောင်းတွေရဲ့ YouTube Channel ၊ Telegram တွေရဲ့ ပညာဒါန သင်တန်းတွေကလည်းပဲ သင်ခန်းစာတွေကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ကျောင်းသားတွေလိုအပ်တဲ့ Textbook တွေ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲဖြတ်စတဲ့ သင်ထောက်ကူ ပစ္စည်းတွေကိုလည်းပဲ အကုန်အားလုံးကူညီပံ့ပို့ပေးသွားမှာပဲ ဖြစ်ပါတယ်။ လိုအပ်လို့ရှိရင်ပေါ့နော် ဒီသင်ကြားရေးမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေပေါ့ Handout တွေကအစ လိုအပ်သလိုပံ့ပိုးပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအားလုံး ပညာရေး ဝန်ကြီးဌာနအနေနဲ့ စေတနာမေတ္တာထားပြီးတော့ တက္ကသိုလ်ဝင်တန်းကိုဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအတွက်ကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဆရာမအနေနဲ့ နောက်တစ်ခုဘာပြောချင်လည်းဆိုတော့ ဒီတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုဖို့အတွက်လည်း ကျောင်းသားကျောင်းသူတွေအားလုံး ပြန်ပြီးတော့ ဖြေဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဦးအောင်ထိုက်(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

တက္ကသိုလ်ဝင်စာမေးပွဲက ကျွန်တော်တို့အနေနဲ့ ရမှတ်နဲ့ စိစစ်ရွေးချယ်တာပါ။ အဲ့တော့ ရမှတ်တွေအပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်ကို စိစစ်ရွေးချယ်တာဖြစ်တယ်။ ဒီလို ရွေးချယ် တဲ့အခါမှာလည်း စာမေးပွဲက တိကျမှန်ကန်ပြီး တရားမျှတမှုရှိဖို့လည်း အရေးကြီးပါတယ်။ အဲ့လိုအရေးကြီးတဲ့အချိန်မှာ အမှတ် တစ်မှတ်တစ်မှတ်ရဲ့ တန်ဖိုးဟာ အင်မတန် အရေးကြီး ပါတယ် အဲ့ဒါအပြင် မြန်မာနိုင်ငံက တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်နဲ့ အမှတ်စာရင်း တွေက နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ အလုပ်တွေဝင်ရောက် လျှောက်ထား တဲ့အချိန်မှာ ဒါတွေကအရေးကြီးတယ် အသိအမှတ်ပြု အထောက်အထားတွေ ဖြစ်ပါတယ်။ အဲ့တော့ ဒါတွေကလည်း အရည်အသွေးရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအရည်အသွေးတွေကို နိုင်ငံတကာတက္ကသိုလ်တွေက အသိအမှတ်ပြုပြီး မြန်မာနိုင်ငံကျောင်းသားတွေလည်း နိုင်ငံတကာတက္ကသိုလ်တွေမှာ တက်ရောက်နေတာရှိပါတယ်။ ရှိတော့ ဒါတွေရဲ့ တိကျ မှန်ကန်မှု၊ အရည်အသွေးရှိမှုကို တာဝန်ယူရတဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပရတဲ့ နိုင်ငံတော်အဆင့်စာမေးပွဲတွေကို တရားမျှတ ပြီးတော့ စည်းစနစ်ကျစွာ အောင်မြင်စွာဆောင်ရွက်နိုင်ဖိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၇၁ ခုနှစ်က စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ အခုပြန်လည်ဖြေဆိုမယ့် တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ ဖြေဆိုသူ ကျောင်းသားဦးရေ ၆၃၀၀၀ ကျော်ရှိပါတယ်။ စာစစ်ဌာန ၂၀၀ နီးပါးရှိပါတယ်။ အရင်မတ်လကဖြေဆိုခဲ့တဲ့ ကလေးတွေရော အခုပြန်လည် ဖြေဆိုမယ့် ကလေးတွေရော စာမေးပွဲအောင်စာရင်းကို တပြိုင်တည်း တချိန်တည်းကြေညာဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ တရားမျှတပြီး တိကျမှန်ကန်စွာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အသွေးကို စစ်ဆေးအကဲဖြတ်ပြီး ပညာရေးကို မြှင့်တင်ရန်ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။ အဲ့ဒီရည်မှန်းချက်အရ ဆရာတို့ အနေနဲ့ ဒီတက္ကသိုလ်ဝင်စာမေးပွဲရဲ့ အရည်အသွေးနဲ့ အသိအမှတ်ပြုခံရမှုအပေါ် တိကျခိုင်မာ မှုရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)