နေပြည်တော်၊ ဧပြီ ၂၇
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရောက်ရေးစခန်း၌ မလေးရှာနိုင်ငံမှ ဆေးဖက်ဆိုင်ရာ ကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုများကိုလည်းကောင်း၊ သောတပန် ရပ်ကွက်ရှိ သုတေသကသီလရှင်ကျောင်းတိုက်၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှား နေမှုနှင့် သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဒဏ်သင့် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဆေးကုသပေးနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော် ရေသန့်စက်ရုံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေသန့်စက်ရုံတို့မှ ဧရာဝတီမြစ်ရေကို သန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးမြို့၊ ibis Styles Hotel သို့သွားရောက်၍ ထိုင်းနိုင်ငံမှ Col Suthawut Naksri ဦးဆောင်သော ဆေးအကူအညီပေးရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ကူညီဆောင်ရွက်ရေး အင်ဂျင်နီယာအဖွဲ့အား လက်ခံတွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ အပေါ် လိုအပ်သည့် အကူအညီများပေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး စားသောက်ဖွယ်ရာလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့ သွားရောက်၍ အပျက်အစီး များ ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း၊ လုပ်ငန်းခွင်ဘေးရှိ ပစ္စည်းလက်ခံ/လွှဲပြောင်းရေး အဖွဲ့ယာယီရုံးတွင် Sky Villa အဆောက်အဦ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းရာတွင် ဖော်ထုတ်ရှာဖွေတွေ့ရှိသော ပစ္စည်းများအား သက်ဆိုင်ရာ ပိုင်ရှင်များ ထံ ပြန်လည်လွဲပြောင်းပေးနိုင်မှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ တဆက်တည်းတွင် Sky Villa ရှေ့ရှိ အမှတ်(၄)ရေစစ်ကန် အခြေအနေနှင့် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက် နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါ(လ်)ဟိုတယ်နေရာသို့ ရောက် ရှိပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအားကြည့်ရှုစစ်ဆေး၍ အဆောက်အဦ ဘေးရှိ လမ်းမကြီးပေါ်တွင် လူ/ယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်သည့် အတိုင်း အတာအထိ အမြန်ဆုံး ဖြိုချဖျက်စီးရှင်းလင်းရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ လမ်းဘေး ဝဲ/ယာ တစ်လျောက် အန္တရာယ်ရှိ အဆောက်အဦ အပျက်အစီးများ ဖယ်ရှားရှင်းလင်း နေမှုအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel နေရာ၊ တိုင်းသမဝါယမဦးစီးမှူးရုံး၊ ဘီဂျင်းဟိုတယ်၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံး နေရာတို့ တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်း နေမှုအား လည်းကောင်း၊ အဆောက်အဦများ အား ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦအဖြစ် သတ်မှတ်ကာ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လည်းကောင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အများပြည်သူ အသုံးပြုမှု များသည့် လမ်းမကြီးများပေါ်တွင် လူ/ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် လမ်းမကြီး ဘေး ဝဲ/ယာ မျက်နှာစာတမ်းအား ဦးစားပေး၍ အန္တရာယ်ရှိအဆောက်အဦများ ဖယ်ရှားရှင်းလင်းရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင် တော်ဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ဖူးမျှော် ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပြီး အလှူငွေများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဘုရားရင်ပြင်တော်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဂန္ဓကုဋီတိုက်ရှိ အမိုး၊ တိုင်၊ ဂုံး နေရာများအား ပိုမိုခိုင်ခံ့ အောင်သံချောင်း များအစားထိုး၍ ရှေးမူမပျက် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ ဓါတ်လှေကားနှင့် စက်လှေကားများအား အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေး ဆောင် ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းရပ်နှင့် အေးမြကြည်လင်ရပ်ကွက် တို့ရှိ အန္တရာယ်ရှိ အဆောက်အဦအား ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေ အနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အဦများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေး ခဲ့ရာ ယနေ့အထိ အဆောက်အဦ(၂၈၆၉)လုံးအားစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည် ပြုပြင်နိုင်မည့် အဆောက်အဦ(၂၆၁၄)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦ (၂၅၅)လုံးမှ အဆောက်အဦ(၁၈၃)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦ(၇၂)လုံးဖြစ်ဖြစ်ကြောင်း သိရှိရသည်။
၎င်းနောက် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်(၃၅၄/၃-၃၅၄/၄)အတွင်းရှိယုဇနတံတား ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေးနှင့် ယာဉ်များပိတ်ဆို့ မှုမဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တာဝန်ရှိသူ များမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ရွှေသာလျောင်းတောင်ပေါ်ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်သို့ သွား ရောက်၍ အပျက်အစီးများကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် ကျောက်ဆည်မြို့၊ စုကြီးရပ်၊ ရွှေမုဋ္ဌောဘုရား၌ စည်ပင်သာယာရေး အဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ဆည်/မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အင်ဂျင်နီယာကောင်စီမှ အင်ဂျင်နီယာများဖြင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ငလျင်ဒဏ် 8 Magnitude ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခွင့် ပြုရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ SOPရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျောက်သေတ္တာကြီး Geophysical Survey (ဘူမိဗေဒတိုင်းတာခြင်း)ဆောင်ရွက်ခြင်း၊ Topo Graph Survey (မြေမျက်နှာပြင်အနိမ့်အမြင့်တိုင်းတာခြင်း) ဆောင်ရွက်ခြင်းများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မြေပြင်ကွင်းဆင်း တိုင်းတာမှုအနေဖြင့် လျှပ်စစ်လွှတ်ရန် ဆက်သွယ်ကြိုးသွယ်တန်းခြင်း၊ ကျောက်သား/မြေသားအတွင်းသို့ Steel Electrode(စတီးသံချောင်းများ) ရိုက်သွင်းခြင်း၊ ဆက်သွယ်ကြိုးနှင့် Steel Electrode များအား ကလစ်ဖြင့် ချိတ်ဆက်ခြင်း၊ တိုင်းတာရေးစက်ဖြင့် လျှပ်စစ်လွှတ်၍ တိုင်းတာခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြေပြင်တိုင်းတာမှုပြီးစီးပါက တွက်ချက်မှုများ ဆက်လက်လုပ်ဆောင်၍ ရရှိလာသောအဖြေများကို အင်ဂျင်နီယာကောင်စီသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment