တာမွေ၊ ဧပြီ ၁၇
ယနေ့တွင် ကျရာက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုဒ်သီလ စောင့်တည်သူများ အထူးပင်များပြားလျက်ရှိကြောင်း သိရသည်။
“ ဒီရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာ ဒါနဲ့ဆို (၇)ကြိမ်မြောက်ရှိပါပြီ။ ဒီနေ့ အလုပ် ကလည်း ပိတ်ထားတော့ သူငယ်ချင်းတွေနဲ့ ကားစုငှားပြီး ဒီစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ဖြစ်တာပါ။ နောင်အကြိမ်ပေါင်းများစွာလည်း အခုလိုပဲ လာရောက်ဖူးမြော်ချင်ပါသေးတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ဘုရားဖူးလာပြည်သူတစ်ဦးကဆိုသည်။
မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဖွင့် လှစ်ပေးထားပြီး ကျန်ရက်များတွင်လည်း စနေ၊ တနင်္ဂနွေနေ့နှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ် နံနက်(၅)နာရီမှ ည(၉)နာရီခွဲအချိန်အထိ ဖွင့်လှစ်ပေးထားလျက်ရှိရာ မည်သူမဆို စိတ်အေးချမ်းသာစွာ လာ ရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)
https://t.me/MyanmarNationalPost





No comments:
Post a Comment