မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ






မင်းဘူး၊ ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယဆရာတော်ကြီးများ၊ မင်းဘူးခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခဲ့ပြီးနောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရားပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ်ပိတ်သိမ်းခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော်ခြေတော်ရာသံတံခါးအား ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်၌ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် ပါဒစေတီတော်နှစ်ဆူခြေတော်ရာ ပိတ်သိမ်းပွဲအောင်မြင်ခြင်းအထိမ်းအမှတ် မဟာအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေခဲ့ကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးကုသိုလ်အဖြစ် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း ငါးခုံးမကြီး အကောင်းရေ ၁၀၀၀၀ နှင့် ငါးမြစ်ကြင်း အကောင်ရေ ၅၀၀၀ ကို ဇီဝိတဒါနငါးလွှတ်ကုသိုလ်ပြုခဲ့ကြသည်။

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က) အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်ပြီး ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၇၅) ရက်ကြာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ယခုနှစ်ဘုရားပွဲတော်ကာလတွင် တည်ခိုးဆောင်အခန်းပေါင်း ၄၈၄ ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၄၂၁ ဆိုင် ဆောက်လုပ်ပေးခဲ့ပြီး အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း ၁၄၅၀၀၀ ကျော် လာရောက်ခဲ့ကြောင်း၊ မန်းရွှေစက်တော်ရာ ဗုဒ္ဓပါဒခြေတော်ရာနှစ်ဆူ ပိတ်သိမ်းသွားသော်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများအနေဖြင့် ရာသီမရွေးလာရောက်ဖူးမြော်နိုင်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)