အာဏာဖြင့် လုပ်စားကြသူများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဏာဖြင့် လုပ်စားကြသူများ



နိုင်ငံတော်အတွင်းမှာ ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်နေတယ်။ လူလုပ်တဲ့ဘေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံခဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်များကတော့ ကြိုတင်ကာကွယ်ဖို့ရာ ခက်ခဲတယ်။ ရေဘေး၊ လေဘေးကို မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းတွက်ချက်ပြီး ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ အတတ်နိုင်ဆုံး ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ သတိပေးနိုင်ပါတယ်။ ယခုလက်တလောကြုံတွေ့လိုက်ရတဲ့ ငလျင်ဘေးကတော့ ကြိုတင်သတိပေးလို့လည်း မရသလို ရုတ်တရက်ရှောင်ရှားချိန်တောင် မရလိုက်တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ကူညီကြ၊ ထောက်ပံ့ကြ၊ ကယ်တင်ကြ မုဒိတာပွားကြရမှာ ဖြစ်ပါတယ်။

အထူးပြုပြီး ပြောချင်တဲ့ ကိစ္စကတော့ လူလုပ်ဘေးအန္တရာယ်ဖြစ်တဲ့ အကြမ်းဖက်ဘေးအန္တရာယ်ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ပါတီ၊ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့ NLD ပါတီ ဦးဆောင်သူတွေ ဖန်တီးလှုံ့ဆော်တဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်တားဆီးရာမှာတော့ လိုအပ်ချက်တွေ များစွာဖြစ်ပေါ်နေတာကို တွေ့မြင်ရပါတယ်။

စာရေးသူထင်မှတ်ထားတာက အဂတိလိုက်စားမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တာတွေကို အရေးယူဆောင်ရွက်ထားတယ်။ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအနေနဲ့ အဂတိမှုတွေ လျော့ပါးသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိမှုတွေကို ရှောင်ရှားကြဖို့ လုပ်နေတာတွေလည်း တွေ့ရပါတယ်လေ။

သို့သော် အာဏာနဲ့ လုပ်စားချင်သူတွေ (ကိုယ်ကျိုးရှာသူတွေ)၊ တစ်နည်းအားဖြင့် ဖောက်ပြန်ရေးသမားတွေကတော့ အာဏာရဖို့ ကြိုးစားတယ်။ လုပ်ပိုင်ခွင့်ရဖို့ ကြိုးစားတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့်ရလာတဲ့အခါကြတော့ အစိုးရမူဝါဒတွေကို အလေးထားပြီး အလုပ် လုပ်တာမျိုး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလုပ် လုပ်တာမျိုးမဟုတ်ဘဲနဲ့ ရှေးနည်းတူအဂတိလိုက်စားပြီး ကိုယ်ကျိုးရှာမှုတွေ အလွန်အကျူးဖြစ်လာတာကို သတိပြုမိလာပါတယ်။

အကြမ်းဖက်ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားလုပ်ဆောင်တာမျိုးမဟုတ်ဘဲနဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားများကလည်း ပြည်သူများထံက ဆက်ကြေးကောက်၊ ဓားမြတိုက် လုပ်နေသလို လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကလည်း နီပိန်း ပဒက် အကြမ်းဖက်သမားတွေလိုပဲ ဂိတ်တွေကနေ အဆမတန် ငွေကြေးတောင်းခံပြီး ပြည်သူများကို ဒုက္ခပေးနေကြပါတယ်။ အဲဒီလို ဒေသခံပြည်သူများရဲ့ စိုက်ပျိုးထွက်ကုန်တွေ မြို့ပေါ်တင်ရောင်းတဲ့အခါ၊ ရပ်ရွာမှာလိုအပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ယူသွားတဲ့အခါ ဂိတ်ကြေးအဆမတန် တောင်းခံနေပေမယ့် အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်ပေးသလားဆိုရင်တော့ လုံးဝကာကွယ်မှုမပေးနိုင်ပါဘူး။ 

တချို့မြို့နယ်တွေမှာ နီပိန်း ပဒက် အကြမ်းဖက်အဖွဲ့ဂိတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်ဟာ တစ်မိုင်၊ နှစ်မိုင်တောင် မကွာဘူး။ အဲဒီလို အခြေအနေမျိုးမှာလည်း အကြမ်းဖက်သမားတွေ ဂိတ်ဖွင့်ပြီး တောင်းခံနေလို့ သွားရောက်ရှင်းလင်းတာမျိုး မရှိပါဘူး။ မင်းတို့လည်း တောင်းစား၊ ငါတို့လည်း တောင်းစားမယ်ဆိုတဲ့ သဘောမျိုး မျက်ကွယ်ပြုထားခြင်းပါပဲ။ နိုင်ငံဝန်ထမ်းများက အကြမ်းဖက်သမားများနဲ့မခြား ပြည်သူလူထုရဲ့ လုံခြုံရေးကို အာမခံချက်မပေးနိုင်တော့ဘူးဆိုမှဖြင့် အဲဒီဒေသတွေမှာ တာဝန်ချထားပေးထားခြင်းဟာ နိုင်ငံဘဏ္ဍာလည်း ဆုံးရှုံးသလို ဒေသခံပြည်သူလူထုကောင်းကျိုးအတွက်လည်း ဘာမှအသုံးမဝင်ပါဘူး။

အဲဒီလို အာဏာအလွဲသုံးစားလုပ်နေသူတွေကို ပြန်လည်ခေါ်ယူပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအကြောင်း ရှင်းပြ၊ ကိုယ့်မိသားစုအတွက် အခုလို အများပြည်သူထံက ဂုပ်သွေးစုပ်ရယူခြင်းရဲ့ အကုသိုလ်အကျိုးဆက်တွေကို ရှင်းလင်းပြောဆိုပြီး တပ်မတော်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ လဝက အစရှိသဖြင့် အဖွဲ့အစည်းအပေါ် (မိခင်ဌာနအပေါ်) ပြည်သူများ ယုံကြည်မှုကင်းမဲ့လာတဲ့ အခြေအနေတွေကို ရှင်းလင်းပြောဆိုပြီးမှ အဂတိကင်းရှင်းစွာနဲ့ တာဝန်ထမ်းဆောင်ပါ့မယ်ဆိုတဲ့ ကတိစကားရပြီးမှ အများပြည်သူကြားမှာ တာဝန်ထမ်းဆောင်ခိုင်းခြင်းဟာ ပိုမိုသင့်တော်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါက အပြုသဘောဆန်ဆန် အကြံပြုခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်တွေကို ဖတ်မိ၊ မှတ်မိ လေ့လာမိသလောက်တော့ အကြမ်းဖက်သမားတွေ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်၊ ဓားမြတိုက်တာကို ခွင့်ပြုပေးထားလိုက်ပါဆိုတဲ့ ညွှန်ကြားချက်မျိုး မတွေ့မိပါဘူး။ အကြမ်းဖက်သမားတွေ လှုပ်ရှားနေတာကို မသိကျိုးကျွန်ပြုပြီး နေသာသလိုနေကြဆိုတာမျိုး လမ်းညွှန်တာလည်း မတွေ့ရပါဘူး။ 

ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန်ချက်တွေကို ပြန်လည်လေ့လာကြည့်ရင် တပ်နယ်အလိုက် အကြမ်းဖက်လှုပ်ရှားမှုတွေ ပပျောက်အောင်၊ လက်နက်ကိုင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို အနိုင်ကျင့်စော်ကားတာမျိုးတွေကို နှိမ်နင်းရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကိုပဲ တွေ့ခဲ့ရပါတယ်။ ခရီးသွားပြည်သူတွေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမာသမတ်ကျကျ လုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များအပေါ်ကနေ ဂိတ်ကြေးတွေ အဆမတန် ကောက်ခံရမယ်လို့ လမ်းညွှန်ထားတာမျိုးလည်း မရှိပါဘူး။ အကြမ်းဖက်သမားကိုလည်း ပေးရ၊ နိုင်ငံဝန်ထမ်း ဆိုတဲ့ ဝိသမလောဘသားတွေကိုလည်း ပေးရနဲ့ ဂိတ်ကြေးတွေ ပေးရတဲ့အခါ လုပ်ငန်းရှင်တွေကလည်း စားသုံးသူ ပြည်သူများထံ ဈေးတင်ပြီးရောင်းချ ပါတယ်။ အဲဒီတော့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေကို ပေးလိုက်ရတဲ့ ဆက်ကြေး၊ နိုင်ငံဝန်ထမ်း ဝိသမလောဘသားတွေကို ပေးရတဲ့ ဂိတ်ကြေး ဆိုတာတွေကို စားသုံးသူပြည်သူကပဲ ကျခံရတဲ့ သဘောမျိုးဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးက ပြောဖူးတယ်။ ယနေ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေကြောင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတာတွေဟာ သမင်းမွေးရင်း ကျားစားရင်း ဖြစ်နေပါသတဲ့။ ဒါကတော့ မှန်ပါတယ်။ ပြည်သူများ သွားလာရေးလွယ်ကူအောင် ရထားလမ်းတွေ ပြုပြင်ပေးထားတယ်။ အကြမ်းဖက်သမားက ဖျက်ဆီးတယ်။ ကားလမ်းတွေ ပြုပြင်ပေးထားတယ်။ အကြမ်းသမားများက ဖျက်ဆီးတယ်။ တံတားတွေ တည်ဆောက်ပေးထားတယ်။ အကြမ်းဖက်သမားများက ဖျက်ဆီးတယ်။

အဲဒီလို အဖျက်အမှောင့် အကြမ်းဖက်သမားတွေ ရှိနေတဲ့ နေရာမှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေက ရထားလမ်းကို လာရောက်ဖျက်ဆီးတဲ့ အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းမရှာဘူး။ တံတားတွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားတွေကို ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းမရှိဘူးဆိုရင်တော့ ခေါင်းနဲ့ အလုပ် လုပ်နေကြတာမဟုတ်ဘူးလို့ပဲ ပြောရမှာပေါ့။ အကြမ်းဖက်သမားတွေက ဖျက်၊ ငါတို့က ဘက်ဂျက်တင်ပြီး ပြန်ပြင်မယ်။ အကြမ်းဖက်သမားတွေကို အကြောင်းပြုပြီး လုပ်စားနည်းလို့ ပြောရတော့မှာပေါ့။

လိုလျင်ကြံဆနည်းလမ်းရ ဆိုတဲ့ မြန်မာစကားပုံရှိပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလို့ ရတဲ့ နည်းလမ်းတွေကို သိတယ်။ ကိုယ်ကျိုးရှာတတ်ကြတယ်ဆိုရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ အဖျက်အမှောင့် အန္တရာယ်တွေကို ကာကွယ်တားဆီးဖို့ရာမှာလည်း နည်းလမ်းရှိရမှာပေါ့။ အများပြည်သူ ကောင်းကျိုးဖြစ်စေဖို့ ကိစ္စတွေမှာ နည်းလမ်းမရှာတတ်ဘူး။ နည်းလမ်းမရှိဘူး။ ကိုယ်ကျိုးရှာဖို့ ဉာဏ်နီဉာဏ်နက် မျိုးစုံတတ်တယ်ဆိုရင်ဖြင့် ပြည်သူလူထု ကောင်းကျိုးဖြစ်ဖို့ လုပ်နေပါတယ်ဆိုတာ လျာဖျာကလာတဲ့ စကားသာ ဖြစ်ပါလိမ့်မယ်။

နစကအစိုးရဲ့ ယန္တရားမှာ ဘယ်အလွှာက ခြစားနေသလဲဆိုတာကို ပြန်စဉ်းစားသုံးသပ်နိုင်စေဖို့ဆိုရင် - နေရာကောင်းရဖို့ သိန်း(၂၀၀)၊ သိန်း(၃၀၀) ပေးရတယ်ဆိုတာက စီမံခန့်ခွဲသူတွေမှာ အဂတိရှိနေပြီလို့ ပြဆိုခြင်း သဘောပါ။ အဲဒီလို ပေးကမ်းပြီး ကိုယ်ကျိုးရှာလို့ ရတဲ့နေရာကို ရအောင်ယူကြတယ်ဆိုရင် သေချာတယ် ပြည်သူလူထုအပေါ်က ဂုပ်သွေးစုပ်ပြီး ပြန်ရှာကြရလိမ့်မယ်။ နစကအစိုးရလက်ထက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကလည်း ရပ်ကျေးအုပ်ကြီးတွေကို သိန်းဆယ်ချီ၊ ရာချီ အဂတိလိုက်စားဖို့ ပြဋ္ဌာန်းပေးလိုက်သည့်အလား ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ဒီဥပဒေကို အကြောင်းပြုပြီး ရပ်ကျေး၊ မြို့နယ်နဲ့ ဘာမဆိုင် ညာမဆိုင် ရဲကပါ ဝင်ပြီး ကိုယ်ကျိုးရှာတယ်။ နိုင်ငံသားကောင်း စိတ်ဓာတ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ လူငယ်တွေ ရှိသလို မလျော်ကန်တဲ့ လုပ်ရပ်တွေကြောင့် လူငယ်များစွာ ထွက်ပြေးနေရ၊ တိမ်းရှောင်နေရ အတိဒုက္ခရောက်နေကြရသူတွေလည်း ရှိနေပါတယ်။ ဒါကတော့ ဥပဒေစိုးမိုးရေးကို အထက်အောက် ကြပ်မက်နိုင်ခြင်း မရှိဘဲ ကိုယ်ကျိုးရှာဖို့ လမ်းဖွင့်ပေးထားခြင်းရဲ့ အော့နှလုံးနာဖွယ်ရာ လုပ်ရပ်တွေ ဖြစ်ပါတယ်။

အားလုံးကို သိမ်းကြုံးစော်ကားပြောဆိုနေခြင်း မဟုတ်ပါဘူးနော်။ နိုင်ငံဝန်ထမ်းကောင်းများကို အစဉ်အမြဲ ဦးညွှတ်လျက် ဝန်ထမ်းဆိုးများရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေကို ခါးစီးခံနေရတဲ့ ပြည်သူများရဲ့ ကိုယ်စား ရင်ဖွင့်ခြင်းပါပဲ။

နိုင်ငံဝန်ထမ်းဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားသလဲတော့ စာရေးသူ မသိပါဘူး။ စာရေးသူရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ နိုင်ငံဝန်ထမ်း ဆိုသည်မှာ (ပြည်သူများကို ကောင်းကျိုးပြုသူ၊ ပြည်သူများ ကောင်းကျိုးဖြစ်အောင် အကျိုးဆောင်ပေးရသူ) လို့ သတ်မှတ်ထားပါတယ်။ နိုင်ငံဝန်ထမ်း ဖြစ်ပါလျက် ပြည်သူများရဲ့ ကောင်းကျိုးအတွက် ရှေးရှုဆောင်ရွက်ခြင်းမရှိ ကိုယ်ကျိုးရှာဖို့အတွက်တော့ ဉာဏ်နီဉာဏ်နက် မျိုးစုံတတ်တယ်ဆိုရင် အဲဒါ နိုင်ငံဝန်ထမ်းမဟုတ်ဘူး။ လူယုတ်မာ၊ ပြည်ဖျက်မိစ္ဆာပါပဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)