ပေကျင်း၊ ဧပြီ ၉
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ဧပြီ ၉ ရက်တွင် “တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်အချို့နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်” စက္ကူဖြူစာတမ်း ကို ထုတ်ပြန်ခဲ့ပြီး တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးဖြစ်ရပ်မှန်အား ရှင်းလင်းတင်ပြခဲ့ကာ သက်ဆိုင်ရာအရေးကိစ္စများအပေါ် တရုတ်နိုင်ငံ၏ မူဝါဒဆိုင်ရာ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားထားပြီး ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိသလို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ထွက်လမ်းမရှိကြောင်း ဖော်ပြထားသည်။
စက္ကူဖြူစာတမ်းတွင် အပိုင်း ၆ ပိုင်းပါဝင်သည်။ ၎င်းတို့မှာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ တရုတ်-အမေရိကန် ပထမအဆင့် စီးပွားရေးနှင့်ကုန်သွယ်ရေး သဘောတူညီချက်အား တရုတ်နိုင်ငံက သေချာစွာ လိုက်နာဖော်ဆောင်ခြင်း၊ တရုတ်-အမေရိကန် ပထမအဆင့် စီးပွားရေးနှင့်ကုန်သွယ်ရေး သဘောတူညီချက်၏ သက်ဆိုင်ရာတာဝန်ဝတ္တရားအား အမေရိကန်ဘက်က ချိုးဖောက်ခြင်း၊ တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်စွာကုန်သွယ်ရေး အယူအဆအား လက်တွေ့ဖော်ဆောင်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများအား သေချာစွာလိုက်နာခြင်း၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့သည် နှစ်ဖက်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိခိုက်စေခြင်း၊ တရုတ်နှင့် အမေရိကန်တို့သည် တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ခြင်း တို့ပင်ဖြစ်သည်။
တရုတ်-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် ၄၆ နှစ်တာကာလအတွင်း နှစ်ဖက်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာကြောင်း စက္ကူဖြူစာတမ်းတွင် မိတ်ဆက်ဖော်ပြထားသည်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးပမာဏသည် ၁၉၇၉ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၅ ဘီလီယံပင် မပြည့်သည့်အခြေအနေမှ ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၆၈၈.၃ ဘီလီယံ နီးပါးအထိ တိုးတက်လာခဲ့ကြောင်း၊ သို့သော် လတ်တလောနှစ်များအတွင်း အမေရိကန်၏ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ ဦးမော့လာသည်နှင့်အမျှ တရုတ်-အမေရိကန်၏ ပုံမှန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြင်းထန်စွာ နှောင့်ယှက်လာကြောင်း စာတမ်းက ဆိုထားသည်။
၂၀၁၈ ခုနှစ် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးပွတ်တိုက်မှု ဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်ပို့သော ကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော်တန်ဖိုးရှိသည့် အမေရိကန်ဘက်က ကုန်ပစ္စည်းများအပေါ် ပမာဏမြင့်မားသော စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံခဲ့ကာ တရုတ်နိုင်ငံအား တားဆီးဖိနှိပ်သည့် မူဝါဒများ အဆက်မပြတ် ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအကျိုးစီးပွားအား ခိုင်မာစွာ ကာကွယ်ရန်အတွက် ပြင်းထန်သည့် တန်ပြန်မှုအစီအမံများ မဖြစ်မနေ လုပ်ဆောင်ခဲ့ရကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းခြင်းမှတစ်ဆင့် အငြင်းပွားမှုအား ဖြေရှင်းသည့် အခြေခံရပ်တည်ချက်အား အစဉ်အမြဲ လက်ကိုင်ထားကာ အမေရိကန်ဘက်နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်များစွာ လုပ်ဆောင်၍ နှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး တည်ငြိမ်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
အမေရိကန်ဘက်က လတ်တလောကာလအတွင်း “အမေရိကန် ဦးစားပေး” ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာ စာချွန်လွှာနှင့် “အမေရိကန် ဦးစားပေး” ကုန်သွယ်ရေး မူဝါဒ အစီရင်ခံစာ လက်တွေ့ဖော်ဆောင်မှု အကျဉ်းချုပ်တို့အား ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း၊ Fentanyl စသည့် အရေးကိစ္စများကို အကြောင်းပြု၍ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်း၊ “အလားတူ စည်းကြပ်ခွန်” ကောက်ခံ၍ ၅၀ ရာခိုင်နှုန်း စည်းကြပ်ခွန်အား တစ်ဆင့်တိုး ကောက်ခံခြင်းတို့ အပါအဝင် တရုတ်နိုင်ငံ ကုန်ပစ္စည်းများအပေါ် ဘက်စုံ စည်းကြပ်ခွန် ထပ်တိုးကောက်ခံခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ ရေကြောင်းသွားလာရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများကို ဦးတည်၍ ဆိပ်ကမ်းအခကြေးငွေ ကောက်ခံခြင်း စသည့် ၃၀၁ စုံစမ်းစစ်ဆေးကန့်သတ်မှုအစီအမံများကို အဆိုပြုခဲ့ကြောင်း စက္ကူဖြူစာတမ်းက ထောက်ပြထားသည်။
အဆိုပါ စည်းကြပ်ခွန် စသည်တို့ဖြင့် ခြိမ်းခြောက်အကျပ်ကိုင်သည့် ကန့်သတ်ချက်အစီအမံများသည် မှားပြီးရင်း မှားနေသည်သာဖြစ်ပြီး အမေရိကန်၏ စံတင်လောက်သည့် တစ်ဖက်သတ်ဝါဒနှင့် အနိုင်ကျင့်ဗိုလ်ကျမှုဝါဒ သဘောသဘာဝကို ထပ်မံဖော်ထုတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် ဈေးကွက်စီးပွားရေးအစီအစဉ်အား ချိုးဖောက်ရာကျသလို နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့်လည်း ဆန့်ကျင်နေကာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးအပေါ် ဆိုးရွားသည့် သက်ရောက်မှုဖြစ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေ အခြေခံမူ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သော တန်ပြန်အစီအမံများ လုပ်ဆောင်ပြီးဖြစ်ကြောင်း စာတမ်း၌ ဖော်ပြထားသည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး၏ အနှစ်သာရသည် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုဖြစ်သည်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက် မှတ်ယူထားကြောင်း စက္ကူဖြူစာတမ်းက ဆိုထားသည်။ ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ စီးပွားရေးစနစ် မတူညီသည့် နိုင်ငံကြီးနှစ်နိုင်ငံအနေဖြင့် တရုတ်၊ အမေရိကန် နှစ်ဖက်က စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် သဘောထားကွဲလွဲမှုနှင့် ပွတ်တိုက်မှုများ ဖြစ်ပွားခြင်းသည် ပုံမှန်ပင်ဖြစ်ကြောင်း၊ အဓိကအချက်မှာ တစ်ဦး၏ အရေးကြီးအကျိုးစီးပွားနှင့် အရေးပါဂရုပြုချက်များကို အပြန်အလှန် လေးစား၍ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြဿနာအား ကောင်းမွန်စွာဖြေရှင်းသည့် နည်းလမ်းအား ရှာဖွေခြင်းပင်ဖြစ်ကြောင်း စက္ကူဖြူစာတမ်းကဆိုသည်။
ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိသလို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ထွက်လမ်းမရှိကြောင်း၊ တရုတ်နှင့် အမေရိကန်က ကိုယ်စီအောင်မြင်မှုများရရှိခြင်းသည် အပြန်အလှန်အတွက် အခွင့်အလမ်းများဖြစ်ပြီး ခြိမ်းခြောက်မှု မဟုတ်ကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် စိတ်တူကိုယ်တူ လုပ်ဆောင်ကာ နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ရာ၌ လမ်းညွှန်ခဲ့သည့် လားရာနှင့်အညီ အပြန်အလှန်လေးစားသော၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ပူးပေါင်းဆောင်ရွက်သော အခြေခံမူကိုအရင်းခံ၍ တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အပြန်အလှန် ဂရုပြုချက်များကို ဖြေရှင်းကာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး ကောင်းမွန်စွာ၊ တည်ငြိမ်စွာ၊ စဉ်ဆက်မပြတ်ဖြစ်စွာ ဖွံ့ဖြိုးတိုးတက်မှုအား အတူတကွတွန်းအားပေးရန် မျှော်လင့်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment