ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားကို လေ့လာကြည့်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ပေးနိုင်ဖို့ အလေးထား ပြောဆိုသွားတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မင်္ဂလာရှိလှတဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်း လုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဗိုလ်ချုပ်မှူးကြီး က ဆုမွန်ကောင်းတောင်းပြီး တိုင်းပြည်တွင်းမှာ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခဲ့ရတဲ့ အခြေအနေကို ထောက်ရှုပြောဆိုထားပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရာဂီမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ရွာတချို့မှာ ရုတ်တရက် ရေကြီးရေလျှံမှု တွေဖြစ်ခဲ့သလို မတ်လ ၂၈ ရက်နေ့မှာလည်း ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးမှု နဲ့ သေဆုံးဒဏ်ရာ ရမှုများပြားလှတဲ့အတွက်ကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ အကူအညီတွေကို ဖိတ်ခေါ်ခဲ့သလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်မှာလည်း အစည်းအဝေးတက်ရောက်လာ တဲ့ နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး မြေငလျင်နဲ့ ပတ်သက်လို့ အကူအညီ တောင်းခံခဲ့ပါ တယ်။ ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးကြတဲ့ ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် များနဲ့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်း၊ ကယ်ဆယ်ရေး ပစ္စည်းများနဲ့ အလှူငွေများကို ပေးအပ်လှူဒါန်းပေးကြတဲ့ ပြည်ပနိုင်ငံများနဲ့ ပြည်တွင်းက အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ငလျင်ဒဏ်ခံဒေသတွေရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူ များရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဆက်လက်ပြီး ဒီမိုကရေစီစနစ် အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့ ဆောင်ရွက်နေမှု အခြေအနေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး က "နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ကျွန်တော်တို့ အစိုးရက ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူလူထုလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲအောင်အောင် မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် မိဘပြည်သူများအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။" လို့ ပြောဆိုသွားပါတယ်။
ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်တဲ့ အစိုးရ ရုံးဌာနများ ပြန်လည်တည်ဆောက်ရေး၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးတို့ကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားပါမယ်။ နိုင်ငံရဲ့စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် အဓိကကျတဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံ ကုန်ထုတ်လုပ်ငန်းတွေကို အားစိုက်ခွန်စိုက် တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အလားတူပဲ MSME လုပ်ငန်း လုပ်ကိုင်နေသူအားလုံးဟာလည်း ရှိတဲ့အနေအထားအတွင်းမှာ ဖြစ်နိုင်သမျှ ကြိုးစားပြီး ကုန်ထုတ်လုပ်မှုများ ပြုလုပ်ကြစေလိုပါတယ် လို့ စားနပ်ရိက္ခာဖူလုံရေးအတွက်ကိုလည်း အလေးထားပြောဆိုသွားပါတယ်။
ပညာရေးကဏ္ဍကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အထူးဦးစားပေးကဏ္ဍ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် လာမယ့်ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး မပျက်မကွက် ပညာသင်ကြား နိုင်ရေးကို အလေးထားပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းမှု လိုအပ်ပါတယ်။ ဒါကြောင့် လည်း ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဖော်ဆောင်နေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ နှစ်ဟောင်းမှာ ကျွန်တော်တို့ ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ အားနည်းချက်တွေကို သင်ခန်းစာယူ ဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါစို့လို့ ပြောကြားသွားခဲ့တာကို ထောက်ရှုပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်နဲ့ ပြည်သူလူထု အတိဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း ပြည်သူလူထုကောင်းကျိုးကို ရှေးရှုရိုးမှန်ရင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်းအားဖြင့်သာ အပြုသဘောဆန်တဲ့ ရလာဒ်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ပြန်လည်ဆန်းစစ်ကြည့်ရင် လက်နက်ကိုင် အကြမ်းဖက်နည်းလမ်း တောင်းဆိုမှုများကို လိုက်လျောသွားမှာ မဟုတ်ဘူးဆိုတာလည်း ပြတ်သားတဲ့ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး အားလုံးတွေ့ဆုံ အဖြေရှာမှသာ ပဋိပက္ခများ ချုပ်ငြိမ်းလိမ့်မယ်လို့ ရှုမြင်မိပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment