လွိုင်ကော် ၊ ဧပြီ ၁၀
ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စံပြုလုပ်ထုံးလုပ်နည်း(SOP)များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အမှန်တကယ်အကျိုးရှိပြီး ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းတို့ကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မကြာမီ စိုက်ပျိုးရေးရာသီ ရောက်ရှိတော့မည်ဖြစ်၍ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်သင့်သည်များကိုဆောင်ရွက်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်နယ်၏ စီးပွားရေးကဏ္ဍနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနအသီးသီးက အရှိန်အဟုန်မြှင့် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးမှု၊ ထုတ်ချေးပြီးစီးမှု၊ ပြန်လည်ပေးဆပ်မှု စသည့်အခြေအနေများအားလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment