ဆက်သွယ်ရေးလိုအပ်နေသောနေရာများတွင် အများပြည်သူအတွက် ယာယီမိုဘိုင်းဆက်သွယ်ရေးစခန်းများ၊ ယာယီရွေ့လျားဆက်သွယ်ရေးတိုင် (Cell on Wheel, COW) များ အသုံးပြု၍ ဆက်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆက်သွယ်ရေးလိုအပ်နေသောနေရာများတွင် အများပြည်သူအတွက် ယာယီမိုဘိုင်းဆက်သွယ်ရေးစခန်းများ၊ ယာယီရွေ့လျားဆက်သွယ်ရေးတိုင် (Cell on Wheel, COW) များ အသုံးပြု၍ ဆက်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိ



နေပြည်တော်၊ ဧပြီ ၁၂

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၆၀၀၀ ကျော်ရှိသည့်အနက် စခန်းပေါင်း ၆၇၃၀ ကျော် ဆက်သွယ်မှုပြတ်တောက်ခဲ့သည်။

ဆက်သွယ်မှုများ ပြန်လည်ကောင်းမွန်စေရေး အော်ပရေတာများ၏ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့မှုကြောင့် ဧပြီ ၁၁ ရက်တွင် စခန်းပေါင်း ၆၄၀၀ ကျော် ပြန်လည်ကောင်းမွန်လာပြီး နေပြည်တော်ကောင်စီနယ်မြေရှိ မိုဘိုင်းစခန်းများ၏ ၉၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးရှိ မိုဘိုင်းစခန်းများ၏ ၉၄ ရာခိုင်နှုန်းကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မိုဘိုင်းစခန်းများ၏ ၉၆ ရာခိုင်နှုန်းကျော် ဆက်သွယ်မှုများရရှိနေပြီဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော မိုဘိုင်းဆက်သွယ်ရေးစခန်းအချို့သည် အထပ်မြင့် အဆောက်အအုံများ ပေါ်တွင် Roof Top တာဝါများ တပ်ဆင်ထားခြင်းဖြစ်သဖြင့် အဆောက်အအုံများ ချို့ယွင်းခြင်းကြောင့်လည်းကောင်း၊ ပြိုကျ ပျက်စီးခြင်းကြောင့် လည်းကောင်း ပြတ်တောက်ခဲ့ရခြင်းဖြစ်ရာ အဆိုပါမိုဘိုင်းစခန်းများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ အချိန်ယူဆောင်ရွက်ရမည် ဖြစ်သည်။

ထို့ကြောင့် အဆိုပါ မိုဘိုင်းစခန်းများ အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် နေရာအခြေအနေပေါ်မူတည်၍ သစ်ပင်များတွင် ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်ကာ ယာယီမိုဘိုင်းဆက်သွယ် ရေးစခန်းများ ဖွင့်လှစ်ပေးခြင်း၊ ယာယီရွေ့လျား ဆက်သွယ်ရေးတိုင် (Cell on Wheel, COW)များကိုအသုံးပြု၍ ဆောင်ရွက်ပေးခြင်းတို့ဖြင့် အများပြည်သူ ဆက်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အိမ်အရောက် အင်တာနက်ဝန်ဆောင်မှုပေးသည့် အိမ်သုံး/ကျောင်းသုံး/ရုံးသုံး ဖိုင်ဘာအင်တာနက် (FTTx) များလည်း ပြတ်တောက်ခဲ့သဖြင့် FTTx ဖိုင်ဘာ အင်တာနက်သုံးစွဲနေသော နေရာတော်တော်များများတွင် ဆက်သွယ်မှုများပြတ်တောက်ခဲ့ရာ Internet Service Provider များက လူအင်အား ပစ္စည်းအင်အားများဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် နေပြည်တော်နှင့် မန္တလေးမြို့အတွင်း နေရာအများ စုတွင် FTTx အင်တာနက်ဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ငလျင်ဒဏ်ကြောင့် ချွတ်ယွင်းပျက်စီးသွားသော တယ်လီဖုန်းတိုင်များ၊ ဖိုင်ဘာကေ ဘယ်လ်ကြိုးများ ရှင်းလင်းခြင်း၊ အစာထိုး ပြုပြင်ခြင်းများကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့တို့တွင် ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့တွင်လည်း ဆက်သွယ်မှုပြတ်တောက်ခဲ့သော မိုဘိုင်းစခန်းများအား ပြုပြင်ဆောင်ရွက်လျက်ရှိပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ ၂၆ လမ်း၊ သင်္ဂဇာလမ်း အနောက်ဘက်ရှိ အထက (၂၁) ကူညီကယ်ဆယ်ရေးစခန်းတို့တွင် အရေးပေါ်အသုံး ပြုနိုင်ရန်အတွက် မိုဘိုင်းစခန်းတစ်ခု တပ်ဆင်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)