မန္တလေး၊ မေ ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မစိုးရိမ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မဟာအောင်မြေမြို့နယ် မစိုးရိမ် တိုက်သစ်သို့ရောက်ရှိပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဌာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထား ကာ လှူဖွယ်ဝတ္ထုများနှင့် ကျောင်းတိုက် အတွက် လိုအပ်သည့်နေရာတွင် အသုံးပြုရန် နဝကမ္မအလှူငွေများလှူဒါန်းသည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီသီလရှင်စာသင်တိုက်ရှိ ငလျင်ဒဏ် သင့် အဆောက်အအုံများ၊ ချမ်းအေးသာစံ မြို့နယ် ၈၂ လမ်း ၃၃ x ၃၄ လမ်းကြားတွင် တည်ရှိသည့် မြို့မနှစ်ခြင်းအသင်းတော် ဘုရားကျောင်း(မေရီဘုရားရှိခိုးကျောင်း)၊ ပင်းယဂူကြီးသုံးလုံး၊ သတ္တဌာနဝင် ရွှေစည်းခုံ စေတီတော်ကြီး ၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိမဟာစန္ဒာမုနိစေတီတော်၊ ရှင်လွန်းမယ်ဘုရား၊ မြေစွန်းဝန်ဘုရား၊ သားတော်ရဘုရားတို့သို့သွားရောက်ကြည့်ရှုပြီး ထိခိုက်ပျက်စီးမှုများအား ထိန်းသိမ်းရေးဆောင်ရွက်ရာ တွင် နောင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များပါ ခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို ထည့်သွင်းစဉ်းစားတွက်ချက်၍ အရည်အသွေးစံချိန်စံညွှန်းမီ ပြုပြင်သွားရန် မှာကြားကာ ဘုရားများပြုပြင်ရန် ဂေါပက အဖွဲ့များထံ အလှူငွေများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာမုနိဘုရားသို့ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားသည့် အဆောက် အအုံများ ရှင်းလင်းရာတွင် သဲ၊ ခဲ ရှင်းလင်း၍ မုခ်များကြံ့ခိုင်ရေးလုပ်ငန်းဆောင်ရွက် နေသည်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြားကာ ဘုရားကြီးပြုပြင် မွမ်းမံရန်အတွက် ဂေါပကအဖွဲ့ထံ အလှူငွေ များပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment