ဂျကာတာ၊ မေ ၂၂
အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ တွင် ၁၂-၅-၂၀၂၅ ရက်မှ ၁၆-၅-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် (၄၁) ကြိမ်မြောက် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ AICHR ကိုယ်စားလှယ် H.E. Edmund Bon Tai Soon က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ/ ခေတ္တကိုယ်စားလှယ်များ၊ AICHR ကိုယ်စားလှယ်များ၏ လက်ထောက်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ တီမောလက်စ်တေ ကိုယ်စားလှယ်ကလည်း လေ့လာသူအဖြစ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ အကောင်အထည် ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) မူကြမ်း၊ ၂၀၂၆ခုနှစ်အတွက် AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်မူကြမ်း၊ (၅၈) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တင်ပြမည့် AICHR ဥက္ကဋ္ဌ၏ ဆွေးနွေးချက်နှင့် AICHR ၏ နှစ်စဉ်အစီရင်ခံစာ (၂၀၂၅ခုနှစ်) တို့ အပါအဝင် (၅၈) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလအတွင်း ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲအတွက် ပြင်ဆင်ထားရှိ မှုများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဘေးကင်းသန့်ရှင်းကျန်းမာ၍ ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာ အဆိုပြုအာဆီယံကြေညာစာတမ်းကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြရန် သဘောတူညီခဲ့ကြသည်။
(၄၁) ကြိမ်မြောက် AICHR အစည်းအဝေးကာလအတွင်း (၁၆) ကြိမ်မြောက် AICHR ကိုယ်စားလှယ်များနှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီတို့၏ အစည်းအဝေး ကို ကျင်းပခဲ့ပါသည်။ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်သူများနှင့် ချိတ်ဆက် ဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့် AICHR ကိုယ်စားလှယ်များသည် အာဆီယံ တက္ကသိုလ်များကွန်ယက်-လူ့အခွင့်အရေးဆိုင်ရာ ပညာရေးအစီအစဉ်မှ ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ အာဆီယံလူ့အခွင့်အရေးယန္တရားဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်လည်းကောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက် မြှင့်တင်ရေး ဆိုင်ရာကော်မရှင်မှ ကိုယ်စားလှယ်များနှင့် ကလေးနှင့် လူငယ် (၂၇) ဦးပါဝင်သည့် ကလေး လူငယ်အခွင့်အရေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့နှင့်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့သည်။
ယင်းနောက် AICHR ကိုယ်စားလှယ်များသည် AICHR နှင့် သြစတြေးလျနိုင်ငံ၊ AICHR နှင့် ဥရောပသမဂ္ဂတို့၏ (၈) ကြိမ်မြောက်အစည်းအဝေး၊ AICHR နှင့် ဂျပန်နိုင်ငံ၊ AICHR နှင့် ဆွစ်ဇာလန်နိုင်ငံ တို့၏ (၄) ကြိမ်မြောက်အစည်းအဝေး၊ AICHR နှင့်နော်ဝေနိုင်ငံ၊ AICHR နှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ ပထမအကြိမ် အစည်းအဝေးတို့ကို အသီးသီးကျင်းပခဲ့ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် လတ်တလော လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက် မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment