ရန်ကုန်၊ မေ ၁၁
ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်း ပြောဆိုထားသည်။
ဒေါက်တာ သက်သက်ခိုင် က "ကျမတို့မြန်မာနိုင်ငံဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အနှစ် ၈၀ ခံစားနေခဲ့ရပြီး လတ်တလောမှာလည်း နိုင်ငံအဆင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကို သုံးနှစ်ဆက်တိုက်ခံစားနေရတာကြောင့် ဒီလိုအခြေအနေမျိုးကနေ ရုန်းထနိုင်ဘို့ ပြည်သူလူထုတစ်ရပ်လုံးက ကျရာအခန်းကဏ္ဍကနေ အပြုသဘောနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဘို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီလိုဆောင်ရွက် တဲ့နေရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးကိုရှေးရှုပြီး စည်းလုံးညီညွတ်တဲ့ မြန်မာ့လူ့အသိုက်အဝန်း တည်ဆောက်ဖို့ ပြည်သူတစ်ရပ်လုံးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို အထူးတိုက်တွန်းလိုပါတယ်။ အခုအချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က အပစ်အခတ်ရပ်စဲခြင်း ကြေညာချက်များထုတ်ပြန်လာတာကိုလည်း ကျမတို့ ပြည်သူ့ရှေ့ဆောင်ပါတီက ထောက်ခံကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ ဒုတိယပိုင်းအနေနဲ့ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာထားတဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်း ပါဝင်နိုင်ရေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ပါတီစုံ ဒီမိုကရေစီလမ်း ကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်ဘို့ အထွေအထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အင်မတန်မှအရေးကြီးပါတယ်။ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြည်သူလူထုအကြား နိုင်ငံရေးအရ သဘောထား ကွဲလွဲနေမှုများ အတိုင်းအတာတစ်ခုအထိ ပြေလည်စေနိုင်မှာဖြစ်ပြီး နိုင်ငံသူ/ သားများအနေနဲ့လည်း မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်ဆိုတဲ့ နိုင်ငံသားအခွင့် အရေးကို ရရှိမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့လွှတ်တော် အဆင့်ဆင့် ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ နဲ့ တရားစီရင်ရေးအာဏာ (၃)ရပ် ခွဲဝေကျင့်သုံးလာနိုင်ခြင်းနဲ့အတူ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း ယန္တရားလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်ရေး ပိုမိုကောင်းမွန်လာစေခြင်းနဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာ နိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးများလည်း ရရှိလာနိုင်မှာဖြစ်လို့ လာမဲ့ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် ပြည်သူလူထုတစ်ရပ်လုံး က ပူးပေါင်းပါဝင်ကြဖို့ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ အလေးအနက်ထား တိုက်တွန်းအပ်ပါတယ်" ဟု ပြောသည်။
ဒေါက်တာ သက်သက်ခိုင် က လာမည့် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ် သတ်မှတ်ခြင်းများအတွက် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ စောလျင်စွာ ထုတ်ပြန်ပေးဘို့ လိုအပ်လျက် ရှိကြောင်း၊ မဲဆန္ဒနယ်၊ ရွေးကောက်ပွဲစနစ်နှင့် မဲပေးခြင်းများအကြောင်း အသိပညာပေးခြင်းများကို ပြည်သူ့လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တက်ညီလက်ညီ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment