ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြေယာကိစ္စနှင့် ပတ်သက်၍ အကူအညီတောင်းခံသူအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ စာရွက်စာတမ်းအထောက်အထားများ နှင့်အတူ လျှောက်ထားအဆုံးအဖြတ်ခံယူသင့်ပါကြောင်း အကြောင်းပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြေယာကိစ္စနှင့် ပတ်သက်၍ အကူအညီတောင်းခံသူအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ စာရွက်စာတမ်းအထောက်အထားများ နှင့်အတူ လျှောက်ထားအဆုံးအဖြတ်ခံယူသင့်ပါကြောင်း အကြောင်းပြန်






ရန်ကုန်၊ မေ ၁၃

တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြေတိုင်းအမှတ်(၃)၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ် (၂၂၉)၊ အိုးအိမ်မြေ၊ ဘိုးဘွားပိုင်မြေတွင် ကြည်း-၇၀၇၅၇၊ ဗိုလ်ကြီးရဲမင်းသူ နေထိုင်လျက်ရှိပြီးစက်ပြင် လုပ်ငန်းလုပ်ကိုင်လျက်ရှိရာ ၎င်းစက်ပြင်လုပ်ငန်းမြေနေရာအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်ခွင့်ပြုချက်လုပ်ငန်းလိုင်စင်ဖြင့် နှစ်စဉ်အခွန်ထမ်းဆောင်လျက်ပြည်တွင်းအခွန်များ ဦးစီးဌာန၏ သတ်မှတ်အခွန်များကိုပေးဆောင်၍ နှစ်စဉ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ မြေအား ဦးဒိုနာဘားလန်း(ခ)ဦးစိုးမြင့်၏ သမီးဖြစ်သူ ဒေါ်ခင်ခင်စိုးနှင့် ၎င်း၏အပေါင်းအပါတစ်စုမှ လုပ်ငန်းလုပ်ကိုင်ရာ ခြံမြေကွက်အတွင်းမြေတိုင်းတာခြင်း၊ခြံစည်းရိုးခတ်ခြင်းများပြုလုပ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အကူအညီတောင်းခံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က စာအမှတ် ၄/၇ - ၆/ဦး ၁(၀၃၃)၊ ၂၀၂၅ခုနှစ်၊ မေလ (၁၀)ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ စာရွက်စာတမ်းအထောက်အထားများ နှင့်အတူ လျှောက်ထားအဆုံးအဖြတ်ခံယူသင့်ပါကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။

အဆိုပါ မြေကိစ္စနှင့် ပတ်သက်၍ ဦးရဲမင်းသူ က "ဝန်ကြီးချုပ်(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့်ဌာနဆိုင်ရာများသို့ ၈-၁၂-၂ဝ၂၂ ရက်နေ့တွင် (ပထမအကြိမ်)၊ ၁၀-၁၁-၂၀၂၃ ရက် နေ့တွင်(ဒုတိယအကြိမ်)၊ ၂၅-၅-၂၀၂၄ ရက်နေ့တွင်(တတိယအကြိမ်)၊ ၂၁-၆-၂၀၂၄ရက်နေ့တွင် (စတုတ္ထအကြိမ်)ပေးပို့ကန့်ကွက်ခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ ၅-၆-၂၀၂၄ ရက်စွဲပါ စာအမှတ်၊ ၅-၂၁၄၉/ ပြင်ပ/စည်ပင်-ယာ/အုံ(စစ်)နှင့် ၂၀-၆-၂၀၂၄ ရက်စွဲပါစာအမှတ်၊ ၅ - ၂၃၈ဝ / ပြင်ပ / စည်ပင် - ယာ/ အုံ(စစ်)တို့ဖြင့် ဦးဒိုနာဘားလန်း နှင့်သမီးဖြစ်သူ ဒေါ်ခင်ခင်စိုး၊ ကိုယ်စားလှယ် ဦးမြင့်လွင်တို့၏ မင်းမဲ့စရိုက်ဆန်ဆန်ကျူးကျော် ခြံခတ် မှုအား ပြန်လည်ဖျက်သိမ်းစေခဲ့ကြောင်း၊ သို့ရာတွင် စည်းကမ်းလိုက်နာမှုမရှိ၍ ရန်ကုန်စည်ပင်ဥပဒေ ပုဒ်မ-၃၁၂ (က)အရ ဒဏ်ရိုက်ခဲ့သော်လည်း ဒေါ်ခင်ခင်စိုးသည် ခြံစည်းရိုးဖျက်သိမ်းရန်နှင့် ရန်ကုန် စည်ပင်ဥပဒေအရ ဒဏ်ရိုက်ခဲ့ခြင်းများကို လေးစားလိုက်နာမှုမရှိသည့်အပြင် ၁၀-၈-၂၀၂၄ ရက်နေ့တွင် ပဉ္စမအကြိမ်ထပ်မံကျူးကျော်ခြံခတ်လာခြင်းကြောင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများက တားမြစ်ခဲ့ရသော်လည်း အလားတူဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရေး၊ ခြံစည်းရိုးပြန်လည်ဖျက်သိမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်သာယာရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် စိစစ်ပေးပါရန်" ၂၃-၄-၂၀၂၅ ရက်နေ့က အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က "၉-၅-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၅)၊ ဆုံးဖြတ်ချက်အပိုဒ်(ခ)အရ နစ်နာမှုများအတွက် တရားမအကြောင်းအရသော်လည်းကောင်း၊ ရာဇဝတ်အကြောင်းအရသော်လည်းကောင်း၊ ဥပဒေနှင့်အညီ ပိုင်ခွင့်ရှိသော ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်းနှင့် အဆိုပါမြေနေရာနှင့်ပတ်သက်၍ မြေစီမံခန့်ခွဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စာရွက်စာတမ်းအထောက်အထားများ နှင့်အတူ လျှောက်ထားအဆုံးအဖြတ်ခံယူသင့်ပါကြောင်း သိရှိနိုင်ပါရန် အကြောင်းကြားပါသည်" ဟု ပြန်လည် အကြောင်းကြားလာခြင်း ဖြစ်သည်။

ထိုသို့ အကြောင်းပြန်ကြားခြင်းနှင့် ပတ်သက်၍ ဦးရဲမင်းသူ က "အဓိကက ဒီကိစ္စ၊ ဒီပြဿနာကို မြို့တော်ဝန် ဦးဗိုလ်ဌေးက သိပြီးသားဖြစ်ပါလျက်နဲ့ ဘာလို့တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဆီကို တင်ပြမဆောင်ရွက်ပေးသလဲလို့ မေးခွန်းထုတ်လိုပါတယ်။ ဒီအစိုးရလက်ထက်မှာ ဖြစ်ပျက်သွားတာ သိတဲ့ကိစ္စရပ်ကို ဘာလို့မဖြေရှင်းဘဲ ထားရပါသလဲ။ ဝန်ကြီးချုပ်က ကြတော့လဲ တွေ့ခွင့်တောင်းရင် အောက်က PSOက တွေ့ခွင့်မပေးဘူး။ အစိုးရအဆက်ဆက် ကြိုးစားလာတာပဲ၊ သည်းခံပေးလာတာပဲ၊ အခုလည်း နောက်အစိုးရတစ်ရပ် ထပ်တက်လာရင် အစကနေ ပြန်ဖြေရှင်းရမှာကို မလိုချင်တော့လို့ပါ၊ မိဘတွေကလဲ အသက်အရွယ်ကြီးနေကြပြီ၊ ကိုယ့်ခြံကိုယ့်ဝန်းနဲ့ နေချင်ကြမှာပဲ၊ ပြီးတော့ ကျွန်တော့်တို့ရဲ့ နောင်လာနောက်သားတွေကိုလဲ  မပြီးမပြတ်တဲ့ အရှုပ်ထုပ်တွေ မထားခဲ့ချင်ဘူး။ အခုဟာက အိမ်ဆောက်လို့လဲ မရနိုင်၊ ခြံခတ်ဖို့ကလဲ မပြတ်မသားဆိုတော့ အဆင်မပြေလို့ပါ။ ကျွန်တော်တို့ကို မပေးနိုင်ရင်ရတယ် နိုင်ငံတော်အတွက် အများအကျိုးတွက် အကျိုးရှိတာတွေ ဆောင်ရွက်ဖို့ရှိရင် နိုင်ငံတော်ပိုင် အစိုးရပိုင်အဖြစ် သိမ်းသွားလိုက်၊ ဘယ်သူ့မှမပေးနဲ့ လက်ခံတယ်။ အခုလို တစ်ဦးတစ်ယောက် အကျိုးအတွက်နဲ့ အစိုးရအဖွဲ့တွေရဲ့ မမှန်မကန်လုပ်ရပ်ကိုတော့ ကျွန်တော်က လက်မခံနိုင်ဘူး။" ဟု ပြောဆိုသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)