ကြံခင်း၊ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် တိုက်နယ်ပြည်သူ့ကျန်းမာ ရေးဌာနတို့ ပူးပေါင်း၍ မှုခင်းကျဆင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက အဖွင့်အမှားစကားပြောကြားပြီး၊ မှုခင်းလျော့နည်း ကျဆင်းရေးအတွက် ပြစ်မှုများမဖြစ်ပွားစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့ဝန်းကျင်သို့ လူစိမ်းဝင်ထွက်မှုများ သတင်းပေးရန်၊ ဧည့်စာရင်း တိုင်ကြားရန်၊ မိမိတို့ မြို့ရွာလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူများသိရှိပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက်စိန်ခေါ်မှုများကို ကာကွယ်တားဆီးခြင်း၊ နှိမ်နင်းခြင်းများတွင် အထောက်အကူဖြစ်စေနိုင်သော တာဝန်သိပြည်သူဖြစ်စေရေး၊ သတင်းတု၊ သတင်းမှားများကို သိရှိနိုင် သည့် နည်းလမ်းများ၊ သတင်းတု၊ သတင်း နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ၊ အင်တာနက်အသုံးပြုရာတွင် မဖွယ်မရာတင်ခြင်း၊ တိုက်ခိုက်ပြောဆိုခြင်း စသည့်တည်ဆဲဥပဒေများ အရ တားမြစ်အရေးယူခြင်းခံရနိုင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ပြော ကြားသည်။ ယင်းနောက် ဆိပ်သာတိုက်နယ်ဆရာဝန် ဒေါက်တာ စောသာဆဲနှင့် ကျေးလက် ကျန်းမာရေးမှူး ဦးကျော်လင်းထွဋ်တို့က ရာသီအကူးအပြောင်းကာလများတွင် ဖြစ်တတ်သည့် ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး တစ်ဦးကနေ တစ်ဦးအလွယ် တကူ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုဖြစ်ကြောင်း၊ ဝမ်းပျက် ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသော အစားအစာများ စားသောက်မိရာမှတဆင့်ဖြစ်ပွားတတ်ပြီး၊ အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွင်ဖြစ်ပွား တတ်ကြောင်း၊ ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါသည် အသက်အန္တရာယ်အထိ စိုးရိမ်ရ သည့်အတွက် မိမိနေအိမ်များတွင် သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများကို တစ်ပတ်တစ်ကြိမ်အနဲဆုံး ပြုလုပ်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ ဆိပ်သာတိုက်နယ်ဆရာဝန် ဒေါက်တာ စောသာဆဲနှင့် ကျန်းမာရေးမှူး၊ ဆိပ်သာနယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ် ရာဇာစိုး၊ ဆုံလဲ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment