၁၃၈၇ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၇ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ





နေပြည်တော်၊ မေ ၁၂

၁၃၈၇ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညက ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့်အတူ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဝတ်အသင်းအဖွဲ့များနှင့် တရားနာဧည့်ပရိသတ်များ နာယူကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး ဟောကြားတော်မူသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဓမ္မပူဇာအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပ္ပိယကာရကအဖြစ် လက်ခံရယူပြီး သီတဂူဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သီတဂူဆရာတော်ကြီးအား မော်ကွန်းတင်ဂုဏ်ပြုပူဇော်လွှာ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)