နေပြည်တော်၊ မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့် ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်နေ ဦးကျော်လင်း(၆၀)နှစ် မောင်းနှင်သော MDY-21U 8854 မီနီအိုးဝေယာဉ်အား ငှားရမ်းစီးနင်း လိုက်ပါလာသူ အမျိုးသား ၂ ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၄ မိုင် ၇ ဖာလုံ UD Amara Garden City အနီးအရောက်၌ ယာဉ်မောင်း ဦးကျော်လင်းအား ဓားဖြင့်ထိုးကာ မီနီအိုးဝေယာဉ်အား လုယက်ယူဆောင်သွားခဲ့ပြီး ယာဉ်မောင်း ဦးကျော်လင်းမှာ လည်ပင်း ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဦးခေါင်းနောက်စေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကြောင်း သိရှိရသည်။
မှုခင်းဖြစ်ပွားကြောင်း သတင်းရလျှင်ရချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထု နှင့် ပူးပေါင်းသတင်းရယူဖော်ထုတ်ခဲ့ရာ လုယူခံရသည့် မီနီအိုးဝေယာဉ်နှင့်အတူ ကျူးလွန်သူများ ဖြစ်ကြသည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ စိုးမင်းထွန်း(ခ) ထက်ရှိုင်း (၁၉)နှစ် (ဘ) ဦးဝေလွင်အောင်နှင့် ဇော်ဝင်းထွန်း (၁၆)နှစ်(ဘ)ဦးစောခင်ထွန်း တို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၇ လက်မခန့်စီရှိ ဓားဦးချွန် ၂ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ပြစ်မှုကျူးလွန်သူ စိုးမင်းထွန်း(ခ) ထက်ရှိုင်း နှင့် ဇော်ဝင်းထွန်း တို့ ၂ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment