ရန်ကုန်၊ မေ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၁၀-၅-၂၀၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သော ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲသို့ တက်ရောက်ခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပဒေသာကပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ငလျင်ဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်မှု၊ ထောက်ပံ့ခဲ့မှု မှတ်တမ်း video အား စတင်ပြသခဲ့ပြီး ငလျင်ဘေးဒဏ်တွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၁ မိနစ်ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ထို့နောက် နာမည်ကျော် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များစွာပါဝင်သည့် သီဆိုဖျော်ဖြေမှုများ၊ တစ်ခန်းရပ်ပြဇာတ်များ၊ တေးသရုပ်ဖော်ပြဇာတ်များ၊ တေးအော်ပရာများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ် သိန်း(၃၀)ကိုလည်း ပါဝင်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမာင်မောင်အုန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာကြည်စိုးထွန်းတို့မှ လက်ခံယူခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရအဖွဲ့အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment