နေပြည်တော် ၊ မေ ၂၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ၊ ဒေသဆိုင်ရာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူး ဒေါက်တာကျော်လွင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ ပညာတတ်များ ပေါများရေးကို အလေးအနက်ထားလျက် ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာအတတ်ပညာများပြည့်စုံသော ပညာတတ်များပေါများရေး၊ သင်ကြားသင်ယူမှုအဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုအားပေးရေး”ကို မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြာင်း၊ “ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်ကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ကာ ဇွန်လ(၂) ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများနှင့်အတူ အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းများအနေဖြင့်လည်း ပညာသင်ကြားရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကြီးကြပ်ရေးအဖွဲ့ ကော်မတီအနေဖြင့် ပညာရေးပုဂ္ဂလိကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တက်မြောက်သော ပညာတတ်များမွေးထုတ်၍ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မားတိုးတက်လာစေရန်၊ ကိုယ်ပိုင်ကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီ ပညာရေးကို အကောင်အထည်ဖော်ရန်၊ ပညာရေးဆိုင်ရာ မူဝါဒနှင့်အညီ သုတေသနလုပ်ငန်းများဖွံ့ဖြိုးစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးသည့် စဉ်းစားမှုကို အခြေခံသော အသိပညာ၊ အတတ်ပညာများ သင်ကြားတက်မြောက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊ ပညာရပ်အသီးသီးကို အသက်မွေးဝမ်းကျောင်းအထောက်အကူပြုရေးအတွက် ဦးတည်သင်ကြားလေ့ကျင့်ပေးရန်၊ ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရန် ဝိုင်းဝန်းကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒေါက်တာကျော်လွင်က ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သတ်မှတ်ချက်များ၊ အရည်အသွေးအကဲဖြတ်မှုနှင့် အရည်အသွေးအာမခံမှုများ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် အကြောင်းအရာများနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
https://t.me/MyanmarNationalPost
No comments:
Post a Comment