ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

 


နေပြည်တော်၊ မေ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး  လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည်   ဧရာဝတီတိုင်းဒေသကြီးအစိုးရ   အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင် (တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိရာ   စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများ၊ တွင်းသစ်တူးဖော်နိုင်ရေးစီမံဆောင်ရွက်ထားမှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြန့်ဖြူးပေးနေမှုအခြေအနေများအား  ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်က ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းသည် အရင်းအနှီးကြီးမားပြီး စွန့်စားရမှုလည်းမြင့်မားပါကြောင်း၊ အနာဂတ်ကာလများတွင် MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက်  သဘာဝ ဓာတ်ငွေ့လိုအပ်ချက်သည် မလွဲမသွေမြင့်တက်လာမည်ဖြစ်၍ တိုးမြင့်လာမည့်သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ကြိုတင်မျှော်မှန်း၍ ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး နှစ်အလိုက် အကောင်အထည်ဖော်မည့်အစီအမံများပြုလုပ်၍ဆောင်ရွက်ကြရန် လိုကြောင်း၊ သက်တမ်းရင့်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများရှိ တွင်းဟောင်းများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်သလို တွင်းသစ်များတူးဖော်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေအသစ်များရှာဖွေဖော်ထုတ်ခြင်းများကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့်   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ရေနံမြေဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ 

ထို့နောက် မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၀) နှင့် (၁၃) တို့အားသွားရောက်၍   လေဆီ (Condensate) နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ စပါးကြီးစမ်း-နတ်စင်ကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ဒုတိယဝန်ကြီးချုပ်က တိုင်းတာရရှိလာသည့်ဆိုက်စမစ်အချက်အလက်များကို Processing၊ Interpretation လုပ်ငန်းများ မြန်ဆန်စွာပြုလုပ်ရန်နှင့် အလားအလာကောင်းသည့်နေရာများတွင် တွင်းသစ်များတူးဖော်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်းမှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးကြီးစမ်း-နတ်စင်ကုန်းဒေသ တွင်   ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာနေမှုအခြေအနေ၊ တိုင်းတာရရှိသောအချက်အလက်များကိုမှတ်တမ်းရယူနေမှု  အခြေအနေတို့အား ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးလျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့က  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်၍ ရေနံ နှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ခဲ့မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်တာဝန်ရှိသူများနှင့်အတူ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိရာ  စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ  တာဝန်ရှိသူများက  အဖျောက်သဘာဝဓာတ်ငွေ့မြေ၏ သဘာဝဓာတ်ငွေ့  တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေများ၊  လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ တွင်းဟောင်းများ၏ ပါးလွှာသဲကြောများအား  ပြန်လည်လေ့လာတွက်ချက်သုတေသနပြုလုပ်၍ စမ်းသပ်ထုတ်လုပ်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။ 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြားသော ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများတွင်လည်း ယခုကဲ့သို့ရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့်  ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး အစီအမံများချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ရေနံမြေဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ် (၅၆) ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)