တောင်ကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




တောင်ကြီး  ၊ မေ ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်တရား သူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအားကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အဆိုပါကျောင်းရှိ ‌ဒေါ်ခင်သိန်းခန်းမ၌ “ကမ္ဘာ့အဆင့်မှီပညာရည်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြက် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသား အရင်းအမြစ်သည် အဓိကဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများရန်လို အပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထား လျက် ပညာရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် အားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်၏ ဒေသတွင်းနှင့် ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တွင် ကွာခြားချက်မကြီးမားစေရန်အတွက်လည်း အတတ်ပညာ တတ်မြောက်သော၊ အသိပညာ ပြည့်စုံသော ပညာတတ်များပေါများရန်လိုအပ်ပါကြောင်း၊ လူငယ်များ မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများ အမှန်တကယ်ရရှိအောင်သင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလ အတွင်း သင်ယူပြီးမြောက်စေရေးအတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲရေး လုပ်ငန်းကို ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း မေလနောက်ဆုံးရက်သတ္တပါတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေး အခမ်းအနားများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ သင်ကြား၊ သင်ယူမှုလုပ်ငန်းထိရောက်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ တတ်မြောက်မှုအရည်အသွေးတိုးတက် မြင့်မားလာစေရေးအတွက် မိဘ၊ ဆရာပူးပါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများက အခမဲ့ပုံနှိပ်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊  အခမဲ့ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်နယ်စီးပွား ရေးရာဝန်ကြီးက ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းသီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ပညာရေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ကျော်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)