ကယားပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ





လွိုင်ကော်၊ မေ ၂၇

ကယားပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားကို အမှတ် (၅) အခြေခံပညာအထက်အတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်လူရည်မွန်” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးသည်။   

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရန် အားပေးသည့် လှုပ်ရှားမှုတစ်ခုဖြစ်၍ ဆရာ၊ မိဘအားလုံးက ကလေးများကို ကျောင်းအပ်နှံကြရန် တိုက်တွန်းအားပေးပြီး ပညာရေး၏ အရေးပါပုံကိုသိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ပညာသင်ကြားနိုင်ရန် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ထောက်ကူပစ္စည်းများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် အဖက်ဖက်မှ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ယခုနှစ်၏ ကျောင်းအပ်နှံရေးဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးနှင့် ဘေးကင်းလုံခြုံရေးကို မိဘများနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းပြီး ပြည်နယ်၏ ပညာရေးကဏ္ဍကို ယခုထက်ပိုမိုတိုးတက်အောင် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ကျောင်းဝတ်စုံ၊ ချီးမြှင့်ငွေ၊ အခြေခံစားကုန်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများကိုလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက စီမံဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ ချီးမြှင့်ငွေနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းခွဲ (လောဓမ္မ) ကျောင်းသူ၊ ကျောင်းသားများက “ပန်းတိုင်းပွင့်စေ” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခြင်း၊ ပြည်နယ်ပညာရေးဘင်ခရာအဖွဲ့က တီးမှုတ်ဖျော်ဖြေတင်ဆက်ခြင်းများကို ကြည့်ရှုအားပေးပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက အခမ်းအနားတွင် ပါဝင်ဖျော်ဖြေခဲ့ကြသော အဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့မှ ဆရာ၊ ဆရာမများနှင့် စီမံ/လေ့ကျင့်ဝန်ထမ်း (၁၃၀၄) ဦးအတွက် ကျောင်းဝတ်စုံ၊ ချီးမြှင့်ငွေနှင့် အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)