ဝါရှင်တန်၊ မေ ၁၅
အမေရိကန်နှင့် ကာတာနိုင်ငံတို့သည် မေ ၁၄ ရက်တွင် ကာတာက အမေရိကန်မှ ဘိုးရင်း (Boeing) ခရီးသည်တင်လေယာဉ်နှင့် လက်နက်တပ်ဆင်ထားသောဒရုန်း ဝယ်ယူခြင်း စသည့် အစီအစဉ်များအပါအဝင် စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂၄၃.၅ ဘီလီယံကျော်ရှိသည့် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကာတာလေကြောင်းလိုင်း (Qatar Airways) ကုမ္ပဏီသည် အမေရိကန် ဘိုးရင်းကုမ္ပဏီ၊ အမေရိကန် General Electric ကုမ္ပဏီတို့သည် ကန်ဒေါ်လာ ၉၆ ဘီလီယံ တန်ဖိုးရှိသည့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး Boeing 787 Dreamliners ခရီးသည်တင်လေယာဉ်နှင့် Boeing 777X ခရီးသည်တင်လေယာဉ် အစင်း ၂၁၀ အထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ရေးကဏ္ဍတွင် နှစ်ဖက်အနေဖြင့် ကာတာက အမေရိကန်မှ ကန်ဒေါ်လာ ၂ ဘီလီယံ နီးပါး တန်ဖိုးရှိသည့် MQ-9B လက်နက်တပ်ဆင်ထားသောဒရုန်းနှင့် ကန်ဒေါ်လာ ၁ ဘီလီယံခန့် တန်ဖိုးရှိသည့် ဒရုန်းလက်နက် တန်ပြန်ရေးစနစ် စသည်တို့အပါအဝင် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် အမေရိကန်ကုမ္ပဏီနှင့် ကာတာကုမ္ပဏီများက စွမ်းအင်အခြေခံအဆောက်အဦ၊ အဆင့်မြင့် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်သည် မေ ၁၄ ရက်တွင် ကာတာနိုင်ငံသို့ ခရီးစဉ် သွားရောက်ခဲ့သည်။ အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် ကာတာအား “နေတိုး (NATO) အဖွဲ့ဝင်မဟုတ်သည့် အရေးကြီး မိတ်ဖက်” အနေဖြင့် သတ်မှတ်ခဲ့ပြီး အမေရိကန်စစ်တပ် အခြေစိုက်လျက်ရှိသည့် ကာတာနိုင်ငံ Al Udeid လေကြောင်းအခြေစိုက်စခန်းသည် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသတွင်ရှိသော အကြီးဆုံး စစ်ရေးအခြေစိုက်စခန်းဖြစ်သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment