ချမ်းအေးသာစံ ၊ မေ ၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများမှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် အန္တရာယ်ရှိအဆောက်အဦများအား ဖယ်ရှားရှင်းလင်းနေမှုများကို ယမန်နေ့က လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် ချမ်းမြသာစည်မြို့နယ်ရှိသူနာပြုတက္ကသိုလ် (မန္တလေး)နှင့် သူနာပြုသင်တန်းကျောင်း(မန္တလေး)သို့ သွားရောက်၍ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦ များအား လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများအား ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေပါကြောင်း၊ ပညာသင်ကြားရေးတွင် အဆင်ပြေချောမွေ့စေရန် ကျောင်းဖွင့်အမီ အဆင်သင့်ဖြစ်စေရေး၊ ပြန်လည်ပြုပြင်မွမ်းမံ၍ရသည့် အဆောက်အဦများကို အမြန်ဆုံးပြုပြင်မွမ်းမံဆောင်ရွက်သွားရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ထည့်သွင်းတွက်ချက်ကာ သတ်မှတ်အရည်အသွေးများနှင့်ပြည့်မီရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငလျင်ဒဏ်ကြောင့် ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀နှင့်၇၆လမ်းထောင့်ရှိ ထိခိုက်ပျက်စီးသွားသော အန္တရာယ်ရှိအဆောက်အဦအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရန် စနစ်တကျပြုလုပ်ဆောင်ရွက်သွားရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီကယ်ဆယ်ရေး အသင်း/အဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အန္တရာယ်ရှိ အဆောက်အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment