နေပြည်တော်၊ မေ ၁၄
လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ယခုကာလတွင် (၁) ရက်လျှင် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့် လိုအပ်သဖြင့် (၁,၁၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အား လျှော့ချထိန်းညှိမှု (Loadshed) ဆောင်ရွက်ရလျက်ရှိကြောင်း ဖြေကြားထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ရေအား(၃၀) ရုံ၊ (၃,၂၃၂) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ (၂၆) ရုံ၊ (၃,၂၆၈) မဂ္ဂါဝပ်၊ ကျောက်မီးသွေး(၂) ရုံ၊ (၁၃၈) မဂ္ဂါဝပ်၊ နေရောင် ခြည်(၈) ရုံ (၂၄၀) မဂ္ဂါဝပ် ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်တဲ့ စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈) မဂ္ဂါဝပ် ရှိကြောင်း၊ သို့ရာတွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးလျက်ရှိသော ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ပမာဏ လျော့နည်းမှု (၅၉၇) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းလျက်ရှိသဖြင့် (၁၅၉) မဂ္ဂါဝပ်၊ ရာဂီမုန်တိုင်းကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော အထက်ပေါင်း လောင်းရေအားစက်ရုံအား အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေရ သဖြင့် (၁၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် စုစုပေါင်း (၈၉၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုများကြုံတွေ့ရသော်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်အားထုတ်လုပ်မှု လျော့နည်းလျက်ရှိသဖြင့် ယခုကာလတွင် (၁) ရက်လျှင် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး စက်တပ်ဆင် အင်အား၏ (၅၀) % ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့် လိုအပ်သဖြင့် (၁,၁၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အား လျှော့ချထိန်းညှိမှု (Loadshed) ဆောင်ရွက်ရလျက်ရှိကြောင်း၊ လက်ရှိဓာတ်အား ထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၅၂ % ၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ % ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၁ % ဖြင့် အချိုးကျ ဓာတ်အား ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အများပြည်သူ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော် အတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက်လည်းကောင်း ကာလတိုအနေဖြင့် သီလဝါ(သန်လျင်) နှင့် သာကေတ သဘာဝဓာတ် ငွေ့ရည်(LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment