(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ


 နေပြည်တော်၊ မေ ၁၈

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးညီလာခံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးပညာရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမေ့ဆေးညီလာခံကို နှစ်နှစ်လျှင် တစ်ကြိမ်ပုံမှန်ကျင်းပလာခဲ့ရာ ယခုကျင်းပပြုလုပ်သည့် ညီလာခံမှာ (၁၄) ကြိမ်မြောက်ဖြစ်ပါကြောင်း၊ မေ့ဆေးအထူးကုဆရာဝန်များအနေဖြင့် အထူးကြပ်မတ်ကုသမှုများကိုပါ ပူးတွဲဆောင်ရွက်ပေးနေကြပြီး ရှောင်တခင်ဖြစ်ပေါ်တတ်သော အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက် မကြာခဏတွေ့ကြုံရလေ့ရှိရာ မှန်ကန်စွာနှင့် မြန်ဆန်စွာဖြေရှင်းဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်း၍ စိတ်ချရသော ကုသမှုများ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ယခုညီလာခံ၏ ခေါင်းစီးအနေဖြင့် “Dealing with Anaesthesia Crisis : Empowering Knowledge and Sustainable Practice” အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်ကြီးကြောင့် ဆေးရုံအချို့ရှိ ခွဲစိတ်ခန်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ပြီးပြီးချင်း ပြည်သူ့ဆေးရုံများ၌ ခွဲစိတ်ကုသမှုများ အမြန်စတင်နိုင်ရေးအတွက် ဆက်စပ်သောဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများ၌ အကြီးစားခွဲစိတ်ကုသမှု ၂၄၀၀၀၀ ကျော်၊ အသေးစားခွဲစိတ်ကုသမှု ၂၂၀၀၀၀ ခန့်ကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ညီလာခံမှ ပြည်တွင်း ပြည်ပပညာရှင်များနှင့် အတွေ့အကြုံများ ဖလှယ်ဆွေးနွေးကာ ရရှိလာသော အသိပညာရပ်များကို လက်တွေ့ကုသမှုနယ်ပယ်တွင် မှန်ကန်စွာအသုံးချပြီး လူနာများအတွက် စိတ်ချလုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်နိုင်စေရေးတိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ World Federation of Socie-ties of Anaesthesiologists (WFSA) President Dr. Carolina Haylock Loor မှ ပေးပို့သော Welcome Message Video ကိုပြသပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပုဂံအကဖြင့် ကပြဖျော်ဖြေကာ မြန်မာနိုင်ငံမေ့ဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင်က ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပါမောက္ခ ဒေါက်တာမူမူနိုင်၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးခင်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအောင်တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာပိုစတာများနှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါညီလာခံကို မေ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံမှ ဆေးပညာရှင်များအပြင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင် ၁၀ ဦးတို့က ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ပိုစတာ ၁၄ ခုကို ပြသထားကာ ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် အလုပ်ရုံဆွေးနွေးပွဲသုံးခုကိုလည်း မေ ၁၆ ရက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆေးကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၂/၂၀၂၅) သို့ တက်ရောက်ပြီး အမှာစကားပြောကြားကာ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ အတည်ပြုခြင်း၊ ဆုံးဖြတ်ရမည့်အချက်များ ဆွေးနွေးဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)