ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက်





စစ်တွေ၊ မေ ၂၁

စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ဌာန ဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန်လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများကကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှပေးအပ်ချီးမြှင့်သည့်ဆန်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။ အလားတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များကလည်း တိုင်းရင်းဆေးဝါးများကို ပေးအပ်လှူဒါန်းကြသည်။

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်နှင့် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အနီးကပ် ကြီးကြပ်ကာ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သောဆေးဝါးများကိုလည်း အခမဲ့ထုတ် ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ခိုင်သဇင်ခန်းမတို့တွင် လစဉ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)