နယူးယောက်၊ မေ ၄
အမေရိကန် နေရာအများအပြားရှိ ပြည်သူများက မေ ၁ ရက်တွင် အကြီးအကျယ် စီတန်းလှည့်လည် ဆန္ဒပြပွဲများ ကျင်းပကာ ထရမ့်အစိုးရ၏ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ အကောက်ခွန် စသည့် ကဏ္ဍများ၏ မူဝါဒများကို ဆန့်ကျင်ခဲ့ကြသည်။
ယင်းနေ့တွင် မြို့တော်ဝါရှင်တန်ဒီစီ၊ လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်၊ ဒန်ဗား၊ ရှီကာဂို၊ ဖီလာဒဲလ်ဖီးယား စသည့် နေရာများတွင် အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့သည်။ ၎င်းတို့အနက် နယူးယောက်မြို့တွင် ယင်းနေ့က လူပေါင်း ၁,၀၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြရာ ဆန့်ကျင်ဆန္ဒပြမှု အကြောင်းအရာများတွင် ဖက်ဒရယ်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်သို့ ပြန်ပို့ခြင်း၊ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ တရားမျှတမှုကို မျက်ကွယ်ပြုခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ ထရမ့်အစိုးရ၏ သက်ဆိုင်ရာမူဝါဒများသည် “ဒေသတွင်းဝန်ထမ်းများကို ဖိနှိပ်၍ ပြည်ပမှလာရောက်သော အလုပ်သမားများကို နှင်ထုတ်သည်” ဟု ပြည်သူပေါင်း ၅,၀၀၀ ခန့်က လော့စ်အိန်ဂျယ်လိစ်မြို့လယ်ခေါင်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
မေ ၂ ရက်နှင့် ၃ ရက်တွင် အမေရိကန် နေရာအများအပြား၌ အကြီးအကျယ် ဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း စုဝေးဆန္ဒပြပွဲလှုပ်ရှားရေး စီစဉ်သူ ဝက်ဘ်ဆိုက်၏ မိတ်ဆက်ဖော်ပြချက်များအရ သိရသည်။
ထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်းကာလ ရက်ပေါင်း ၁၀၀ ပြည့်မည့်အချိန်တွင် ၎င်း၏ စီမံအုပ်ချုပ်မှုကို အားပေးမှုနှုန်းသည် နှစ်ပေါင်း ၈၀ ကြာ အမေရိကန် သမ္မတအဆက်ဆက်၏ အလားတူကာလ အနိမ့်ဆုံးစံချိန် ချိုးခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ ဧပြီ ၂၇ ရက်က ထုတ်ပြန်သည့် ပူးတွဲပြည်သူ့စစ်တမ်း ရလဒ်တွင် ဖော်ပြထားသည်။ ပြည်သူအများစုက ၎င်းထုတ်ပြန်သည့် မူဝါဒများစွာကို ဆန့်ကျင်ကြပြီး အမေရိကန်၏ လက်ရှိအခြေအနေအပေါ် ကျေနပ်မှုမရှိကြောင်းနှင့် စီးပွားရေးအလားအလာအပေါ် စိုးရိမ်ကြကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost



No comments:
Post a Comment