ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
(မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်)
၂ဝ၂၅ ခုနှစ် ၊ မေ ၃၁ ရက်
အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။ လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိသည်။
၃။ အလားတူ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရား မျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်းမဖြစ်မနေ ကျင်းပ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဒေသအလိုက်တည်ငြိမ် အေးချမ်းမှုရှိရန် လိုအပ်လျက်ရှိသည်။
၄။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေး နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်စေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာ ဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်သည်။
၅။ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://t.me/MyanmarNationalPost
No comments:
Post a Comment