တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့က လူမျိုးရေးကိုအစွဲပြု၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲရေးကို ဦးတည်ဆောင်ရွက်နေကြောင်း နိုင်ငံရေးပါတီ (၃၂)ပါတီ၏ ဆွေးနွေးချက်များတွင် ဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့က လူမျိုးရေးကိုအစွဲပြု၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲရေးကို ဦးတည်ဆောင်ရွက်နေကြောင်း နိုင်ငံရေးပါတီ (၃၂)ပါတီ၏ ဆွေးနွေးချက်များတွင် ဖော်ပြ

 



၂၀၂၅ မေလ ၁၀ နေ့ ၀၉၃၀ မှ ၁၂၃၀ ချိန်ထိ ရန်ကုန်မြို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်ရုံးခွဲ)တွင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ကိုယ်တိုင်တက်ရောက်ခဲ့သော ပါတီ (၂၃) ပါတီ အချိန်မီ မလာ ရောက်နိုင်သော်လည်း ပေးပို့သော ဆွေးနွေးချက်များအပေါ် သဘောတူညီ ကြသည့် နိုင်ငံရေးပါတီ (၉) ပါတီမှ စုပေါင်းသဘောတူညီ လက်မှတ်ရေးထိုး သဖြင့် စုစုပေါင်း ( ၃၂ ) ပါတီတို့သည် အလွတ်သဘော ပွင့်လင်းခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

ال ဆွေးနွေးမှုခေါင်းစဉ်မှာ ပြည်သူအတွက် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမြင့်တင်ရေးဟူ၍ ဖြစ်ပါသည်။ ဆိုလိုချက်အနှစ်ချုပ်အား အောက်ပါ အတိုင်း ထုတ်ပြန်ထားရာတွင် -

(က) ယနေ့အစီအစဉ် (Argenda)အား ကမကထပြု၍ ဆောင်ရွက် ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒီမိုကရေစီ ရွေးကောက်ပွဲသည်သာလျင် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကိုအရောက်လှမ်းနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း၊ အခြားလမ်းဟူ၍ မရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲ ဟူသည် နိုင်ငံသားအားလုံးအတွက် အကျိုးစီးပွားဖြစ်၍ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊

( ခ ) လတ်တလော အခြေအနေအရ နိုင်ငံရေးပါတီများသည် ချောက်တီးချောက်ချက် လက်နက်ကိုင် အဖွဲ့ငယ်များ လောက်ပင် ဩဇာတိက္ကမ နည်းပါးသလို ဖြစ်နေပါကြောင်း၊ ဤအချက်ကို နိုင်ငံရေးပါတီများက နိုင်ငံတော်နှင့်အတူ စုပေါင်းအားဖြင့် ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ကြရရန် လိုကြောင်း၊

( ဂ ) ရွေးကောက်ပွဲအတွက် မိမိပါတီ၏ ပါတီမူဝါဒများ ချပြ ရှင်းလင်းဆောင်ရွက်ခြင်းသည် လုပ်ရမည့် ကဏ္ဍတစ်ရပ် ဖြစ်သော်လည်း ပြည်သူတစ်ရပ်လုံးအတွက် အရေးကြီးသည့် အခက်အခဲပြဿနာရပ်မျိုး ပေါ်ပေါက်လာပါက နိုင်ငံရေး ပါတီများ ပူးပေါင်းဖြေရှင်းခြင်းဖြင့် ပါတီများ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ပါကြောင်း၊

(ဃ) ပါတီဆိုသည်မှာ ဥယျာဉ်ကြီးတစ်ခု သဖွယ်ဖြစ်ပြီး ၎င်းဥယျာဉ် အတွင်းမှ အရည်အသွေးရှိသော နိုင်ငံရေးသမားကောင်းများကို မွေးထုတ်ပေးရခြင်းသည် ပါတီများ၏ တာဝန်သာ ဖြစ်ကြောင်း၊

( င ) ထာဝစဉ် ညီညွတ်နေရေးအတွက် လုပ်သင့်တာ နှင့် မလုပ် ရမှာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)တွင် အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ သို့သော် ထောင့်ပေါင်းစုံမှ ဝေဖန် ဖျက်ဆီးမှုများ ရှိနေပါကြောင်း၊ ပါတီများအနေဖြင့် တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ကိုယ်တိုင်ကလည်း လေးနက်စွာ သက်ဝင် ယုံကြည်သလို ပြည်သူများ နားလည်သဘောပေါက် လာအောင် စုပေါင်းအားဖြင့် ချပြရှင်းလင်းရေးလုပ်ငန်းစဉ် များလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊

( စ ) နိုင်ငံရေးသမားတိုင်းသည် အုပ်ချုပ်ရေးအတတ်ပညာကို ကျွမ်းကျင်စွာတတ်မြောက်ရန် လိုအပ်သဖြင့် အထူးလေ့လာ ထားကြရန် လိုအပ်ပါကြောင်း၊

(ဆ) ပါတီဝင်တိုင်းက ပါတီကို ကိုယ်စားပြုရသကဲ့သို့ ပါတီတိုင်းက နိုင်ငံတော်ကို ကိုယ်စားပြုရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့အရေးသည် ပါတီအရေးဖြစ်၍ ဝိုင်းဝန်း ကူညီခြင်းဖြင့် ပါတီအခန်းကဏ္ဍကို မြှင့်တင်နိုင်ပါကြောင်း၊

( ဇ ) မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက တပ်မတော်နှင့် နိုင်ငံရေးပါတီများ အကွဲအပြဲ ဖြစ်ခဲ့ဖူးကြောင်း၊ နောင်တွင် လူ/လက်နက် အင်အားသာလွန်ကြီးမားသော ဖက်ဆစ်ကို တော်လှန်ရာ၌ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် ပြည်သူ များ၏ ပူးပေါင်းအားက အောင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ရှေ့ခရီးတွင် လိုအပ်သည့် နေရာများ၌ ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူ ထောက်ခံပါကြောင်း၊

( ဈ ) နိုင်ငံ၏ အတိတ်သမိုင်းတွင် တစ်ပါတီစနစ် ကောင်းသလား၊ ပါတီစုံစနစ်ကောင်းသလား မေးမြန်းခဲ့ဖူးသည်ကို အမှတ်ရမိပါကြောင်း၊ သို့သော် ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံစနစ်ကိုသာ သွားကြရမှာသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ နိုင်ငံရေးပါတီတွေ ဘယ်လောက်များများ လိုအပ်ပါသလဲ ဆိုသည်ကိုတော့ မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ တစ်ပါတီစနစ်ကို ထောက်ခံခြင်း မဟုတ်ကြောင်း၊ ပါတီတွေများပြီး မညီညွတ်ကြရင် လက်နက်ကိုင် ပဋိပက္ခဘက်ကို ဆွဲယူသွားမှာကို စိုးရိမ်မိပါကြောင်း၊ မိမိတို့လိုချင်သည်မှာ အေးချမ်းသည့် မြန်မာ့နိုင်ငံရေး အခင်း အကျင်းကြီးတစ်ခု ဖြစ်ခြင်းကြောင့် စည်းလုံးညီညွတ်ခြင်းဖြင့် နိုင်ငံရေးပါတီများ၏ ဖြစ်ကြောင်း၊ အခန်းကဏ္ဍကို မြှင့်တင်ပေးရမည်

(ည) Research Model တစ်ခုတည်ဆောက်၍ ဖြစ်လာနိုင်သည့် ကောင်းကျိုး/ဆိုးကျိုးများကိုပါ ထည့်သွင်း တွက်ချက်ကာ ပူးပေါင်းဆောင်ရွက်ရေး အစီအမံတစ်ခုချမှတ်ရန် အကြံပြု လိုပါကြောင်း၊

( ဋ ) ပါတီများ၏ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် အသစ် မဟုတ်ပါကြောင်း၊ နစကအစိုးရလက်ထက်တွင် အနည်းဆုံး (၁၀)ကြိမ်ခန့် တွေ့ဆုံခဲ့ကြပြီး သဘောထားထုတ်ပြန် ကြေညာ ချက်များလည်း (၁၀)ကြိမ်ထက်မနည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ပါတီများသည် မူဝါဒအားဖြင့် ကွဲပြား ခြားနားမှု ရှိနိုင်သော်လည်း နိုင်ငံ့ကောင်းကျိုးအတွက် ဆောင်ရွက် ကြရန်ဟူသည့် ရည်ရွယ်ချက်မှာ တူညီကြသည် ဖြစ်ပါကြောင်း၊ ယနေ့အခါ နိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍကို ပြည်သူများက သေချာစွာ ဂရုမပြုမိကြကြောင်း၊ အခြေအနေမှန်ကို မသိရှိဘဲ စော်ကား၊ ဝေဖန်၊ တိုက်ခိုက်မှုများလည်း မကြာခဏ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ လက်ကျန် ကာလတွင် နိုင်ငံတော်၏ ဆောင်ရွက်ချက်များအပေါ် အင်အား ဖြင့် ဝိုင်းဝန်းထောက်ကူပေးရန် လိုအပ်သည့်အချိန်၌ ဝိုင်းဝန်း ဆောင်ရွက်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် လိုအပ်ခြင်း ဖြစ်ပါကြောင်း၊

( ဌ ) ပါတီများအနေဖြင့် (၂)လတစ်ကြိမ်ခန့်တွေ့ဆုံ၍ နိုင်ငံရေး ရှုထောင့်စကားဝိုင်းများ၊ အင်တားဗျူးများ၊ လူထုအစည်း အဝေးပွဲများ အပါအဝင် နိုင်ငံ့အတွက်ဟူသော ခေါင်းစဉ် အောက်မှ ပါတီများ စုပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ပိုမိုထင်ရှားလာစေမည်ဟု ယူဆ၍ ဤအစီအစဉ်ကို စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊

( ဍ ) ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့က လူမျိုးရေးကိုအစွဲပြု၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲရေးကို ဦးတည်ဆောင်ရွက်နေပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို နိုင်ငံရေးလမ်းကြောင်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊

( ဎ ) လွတ်လပ်၍တရားမျှတသော နိုင်ငံတော်နှင့် ရွေးကောက်ပွဲဖြစ်ရန်အတွက် UEC တို့မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း အကြမ်းဖက်သမားများ၏ . အကြမ်းဖက် ဆောင်ရွက်မှုများကြောင့် No Vote များ ဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ မဲပေးရေးကို စိတ်ဝင်စားလာအောင် အသဲကြားက မဲတစ်ပြား သို့မဟုတ် ဦးနှောက်ထဲက မဲတစ်ပြား သည် သူ နှင့် သူ့မိသားစု၏ အနာဂတ်အတွက် မည်မျှအရေးပါ သည်ကို သိရှိနားလည်သည်အထိ ပါတီမဲဆွဲခြင်းမျိုး မဟုတ်သည့် မဲပေးရေး လှုပ်ရှားမှုများအား ပါတီစွဲကင်းစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အကြံပြု လိုပါကြောင်း၊

(ဏ) ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အချိန်ကာလအား နိုင်ငံတော်မှ ၂၀၂၅ ခုနှစ် မေ ၃၁ အထိ တိုးမြှင့်သတ်မှတ် ခြင်းအား ထောက်ခံကြိုဆိုပါကြောင်းနှင့် ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် ဆွေးနွေးရင်းလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း၊

(တ) နိုင်ငံတော်မှ မူဝါဒလမ်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုနှင့်တိုက်ရိုက် ထိတွေ့ရသော အချို့သော အဖွဲ့ အစည်းများ၏ ကိုယ်ကျိုး ရှာခြင်း နှင့် စီးပွားရှာခြင်းများကြောင့် နိုင်ငံတော်အပေါ် အထင်အမြင်မှား စေနိုင်ပါကြောင်း၊ ဤအချက်များကို အလေးအနက် မှတ်သားထားရှိပါကြောင်း၊ အဆုံးအဖြတ်ပေးနိုင်သည့် သူများထံ သတင်းမှန် ရောက်ရှိနိုင်ရေး နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားကြရန် အကြံပြုလိုပါကြောင်း၊ 

(ထ) ယနေ့ပါတီများတွေ့ဆုံခြင်းသည် မိသားစုစကားဝိုင်း ပုံသဏ္ဍာန် ဖြင့် ခိုင်းနှိုင်းလိုပါကြောင်း၊ ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုသည့် အတိုင်း စိတ်ရင်းစေတနာများကို သိကြပြီးဖြစ်၍ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ အခွင့်အခါစောင့်စားခြင်းများဖြင့် ပါတီ၏ အခန်းကဏ္ဍမြင့်မားရေး ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

( ဒ ) ပါတီများသည် လားရာ မတူညီကြသော်လည်း နိုင်ငံ့အတွက် လားရာက တူညီကြသူများ ဖြစ်ပါသည်။ ပါတီစွဲကင်းကြသော ပါတီခေါင်းဆောင်များ ဖြစ်သည်ဟုလည်း လေးနက်စွာ ယုံကြည်ပါသည်။ လက်ရှိအခြေအနေတွင် ပါတီများသည် ခြံစည်းရိုးတိုင်လေးများသဖွယ် ဖြစ်နေသည်ဟု ယူဆရပြီး တွဲဆက်ခြင်းဖြင့် ပိုမိုခိုင်ခန့်စေသော အုတ်တံတိုင်းကြီးကဲ့သို့ ဖြစ်လာစေရန် ဝိုင်းဝန်း ကြိုးစားလေ့ကျင့်၍ ပါတီ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ဆောင်ရွက်စေလိုပါကြောင်း နိုင်ငံရေးပါတီ (၃၂)ပါတီ၏ ဆွေးနွေးချက်များကို အကျဉ်းချုပ် ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)