ချမ်းအေးသာစံ ၊ မေ ၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့အား မေလ (၁) ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)မှ ကျွမ်းကျင်ပညာရှင် ၄ ဦးနှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်သောအဖွဲ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသော အဆောက်အဦများ၏ ကြံ့ခိုင်မှုတိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ ကျွမ်းကျင်ပညာရှင် ၄ ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ပညာရှင်များနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပညာရှင်များပါဝင်သော ပြည်တွင်းပညာရှင်များအဖွဲ့တို့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး)သို့ သွားရောက်၍ နည်းပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာစုယဉ်ဝင်း၊ အင်ဂျင်နီယာဌာနမှူးများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေးနှင့် တည် ဆောက်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်နေမှုများ၊ ပြုပြင်မှုများ ဆောင်ရွက်ရာတွင် ရေရှည်ကြံ့ခိုင်မှုရှိစေရန် ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရေးတို့ကို ပြောကြားပြီးနောက် (IAEA) မှ ပညာရှင်များဖြစ်သည့် Mexico (၂၀၁၇)၊ Albinia (၂၀၁၉)၊ Ecuador (၂၀၂၃)၊ Syria (၂၀၂၄) ငလျင်ဘေးများတွင် တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက အတွေ့အကြုံများ၊ Non-Destructive Testing (NDT) မူးရင်းမပျက်တိုင်းတာစစ်ဆေးမှု နည်းပညာအသုံးပြု၍ ခေတ်မီတိုင်းတာရေး စက်ပစ္စည်းများဖြစ်သည့် Rebar Detecton Rebound Hammer, Ground Penetrating Radar(GPR), Ultrasonic Pulse Velocity(UPV), Infrared Camera များ၏ အသုံးပြုနည်းများကို မျှဝေဆွေးနွေးခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည် နည်းပညာတက္ကသိုလ် (မန္တလေး) ရှိ အဆောက်အအုံများကို စက်ပစ္စည်းများဖြင့် အသေးစိတ် တိုင်းတာလေ့လာဆန်းစစ်ခဲ့ကြကြောင်းနှင့် မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများကိုလည်း စက်ပစ္စည်းများဖြင့် အသေးစိတ် တိုင်းတာလေ့လာ ဆန်းစစ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment