မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ပြန်လည်ရေးဆွဲမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ပြန်လည်ရေးဆွဲမည်


နေပြည်တော်၊ မေ ၁၇

နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက် အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ နေပြည်တော် ကောင်စီနှင့် စည်ပင်သာယာရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက် ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံ၊ လမ်း၊ တံတားများ အတွက် အမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံး လုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)” များကို ဖြန့်ဝေပေးထားပြီးဖြစ်၍ ပြန်လည်ပြုပြင်ရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ပြင်ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံများအစား အသစ်တည်ဆောက်နိုင်ရန် Town Plan ရေးဆွဲရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Planအတွက် မြေနေရာရွေးချယ်ထားရှိမှု၊ မြေစမ်းသပ်ထားရှိမှု၊ ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆောင်ရွက်မည့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးက မြို့ပြမြေအသုံးချမှုရာခိုင်နှုန်း စံသတ်မှတ်ချက်များ၊ Town Plan ရေးဆွဲရာတွင် လိုက်နာရမည့် အခြေခံ အချက်အလက်များကိုလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်က အိမ်ရာစီမံကိန်း အသစ်တည်ဆောက်ရန် မြေနေရာရွေးချယ်ထားရှိမှုကို လည်းကောင်း၊ အစည်းအဝေး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထား ရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးမှ ရရှိလာသည့် ဆွေးနွေးချက်များကို အခြေခံပြီး Town Plan အတွက် မြေနေရာရွေးချယ်ခြင်းနှင့် Soil Test ဆောင်ရွက်ခြင်းတို့ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်၊ မြေစမ်းသပ်မှုများ စနစ်တကျသေချာ တိုင်းတာတွက်ချက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်၌ Modular House များနေရာချ ထားတပ်ဆင်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရှင်းလင်းထားရှိမှု၊ Modular House များ သတ်မှတ်လျာထားချက်နှင့် အညီ နေရာချထားတပ်ဆင်နေမှုတို့ကို ရှင်းလင်း တင်ပြကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် အလျား ပေ ၂၀၊ အနံ ၁၀ ပေရှိ Modular House များကို Phase 1 တွင် လျာထား ၆၄ လုံးနှင့် Phase 2 တွင် လျာထား ၁၂၄ လုံး စုစုပေါင်း ၁၈၈ လုံး တပ်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)