နေပြည်တော်၊ ဇွန် ၇
နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း သူဌေးရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး AA အကြမ်းဖက်အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာပြီးနောက် စီမံကိန်း အခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သူဌေးရေအားလျှပ်စစ်စီမံကိန်း ရပ်နားခဲ့ရပြီး နှစ်စဉ်လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်း ဆုံးရှုံးနစ်နာမှုရှိကြောင်း ပြန်လည်ဖြေကြားထားသည်။
ဆက်သွယ်မေးမြန်းမှုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ဖြေကြားရာတွင် -
"သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင် ခန့်အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက်အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ စီမံကိန်း လုပ်ငန်း ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ပါက ၂၀၂၅-၂ဝ၂၆ဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည့် စီမံကိန်း ဖြစ်ပြီး တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ် ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်းကို ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများသို့ ထုတ်လုပ်ဖြန့်ဖြူး ပေးမည့်အပြင် ပိုလျှံသော ဓာတ်အားများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံအဝှမ်း ဖြန့်ဖြူး ပေးသွားနိုင်မည်ဖြစ်ပါတယ်။ သို့ရာတွင် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ၂ဝ၂၄ ခုနှစ်၊ ဧပြီလကုန်တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများ ရွှေ့ပြောင်းခဲ့ရပြီး စီမံကိန်း အား ခေတ္တရပ်နားခဲ့ရပါတယ်။ စီမံကိန်း ရပ်နားရသဖြင့် နိုင်ငံတော်၏ ဓာတ်အားထုတ်လုပ်မှု လျော့နည်းလျက်ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်အားခဝင်ငွေ ရရှိမှုမှာလည်း ဆုံးရှုံးနစ်နာလျက် ရှိပါတယ်။ ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် သူဌေးရေအားလျှပ်စစ် စီမံကိန်းမှ နှစ်စဉ်လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်း ဆုံးရှုံးနစ်နာလျက်ရှိပါတယ်။" ဟု ဖြေကြားထားသည်။
ဆက်လက်၍ "သူဌေးရေအားလျှပ်စစ်စီမံကိန်း အဆောက်အအုံများ၊ တည်ဆောက်ရေးသုံးပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေများကို စစ်ဆေးဆောင်ရွက် နိုင်ခြင်း မရှိသေးပါကြောင်းနှင့် နယ်မြေဒေသအေးချမ်းသွားပါက စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီး နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါတယ်။" ဟု ဖြေကြားထားသည်။
အဆိုပါ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စီမံကိန်း ရာခိုင်နှုန်းပြည့် ပြီးစီးဆောင် ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လကုန် သတင်းထုတ်ပြန်ချက်အရ စီမံကိန်းလုပ်ငန်း တစ်ခုလုံးရဲ့ ၇၇ ဒသမ ၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လာပြီး သံတွဲမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စီမံကိန်း ရပ်နားသွားခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြစ်ပေါ်နေမှုအခြေအနေ၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ရသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အခြေအနေများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးနော်မန် အား ဆက်သွယ်မေးမြန်းရာ "ဘယ်တိုင်းပြည်ကို ကြည့်ကြည့် လျှပ်စစ်ဟာ အဓိကပဲ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်ဟာ မပါမဖြစ် ဆားနဲ့တူတယ်။ စင်္ကာပူမှာဆိုရင် စက္ကန့်ပိုင်းတောင် မီးပျက်လို့ မရဘူး။ တိုင်းပြည်ရဲ့ လိုအပ်ချက်အတွက် လျှပ်စစ်ဓာတ်အား ရရှိဖို့ အစိုးရက ဆောင်ရွက်တယ်။ အနောက်အုပ်စုရဲ့ သြဇာခံတွေက နှောက်ယှက်တယ်။ အစိုးရက လူတိုင်းကို အချိုကျွေးနေလို့ မရဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအလုပ်တွေကို နှောက်ယှက်လာရင် ကြမ်းသင့်ရင် ကြမ်းရမယ်။ စိသင့်ရင် စိရမယ်။ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုကိုလည်း တစ်ဖက်က အသိပညာပေးလှုပ်ရှားမှုနဲ့ ကုစားရမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် လျှပ်စစ်ဟာ ဟင်းခွက်တိုင်းမှာ မပါမဖြစ် ဆားလိုပါပဲ။" ဟု မြန်မာနေရှင်နယ်ပို့စ် သို့ ဖြေကြားထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment