နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် လှူဒါန်းသောဆန်များအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် လှူဒါန်းသောဆန်များအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

 


နေပြည်တော်  ၊ ဇွန် ၁၁  


အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် ကိုးရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသော ဆန်(၁၆၁၀)တန်အား နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် နေပြည်တော်ကောင်စီသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး‌ ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ APTERR အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သေဆုံးသူ ၆၆၀ ဦး၊ ဒဏ်ရာရရှိသူ ၈၆၄ ဦး၊ ပျောက်ဆုံးသူ ၅ ဦးရှိပြီး အဆောက်အဦများ၊ လမ်းတံတားများ ပြိုကျပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံပေါင်း ၂၆ နိုင်ငံမှလည်း ကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးဝါးကုသရေးအဖွဲ့များ လာရောက်ကူညီပြီး  ကယ်ဆယ်ရေးပစ္စည်းနှင့် အစားအသောက်များကိုလည်း ပေးပို့လှူဒါန်းခဲ့ပါကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာဆီယံအပေါင်းသုံးအရေးပေါ် ဆန်အရန်ရိက္ခာများအား  ငလျင်ဘေးသင့်နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၊ မသန်စွမ်းများ၊ ပရဟိတဂေဟာများနှင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ကိုရီးယားသမ္မတနိုင်ငံမှ ဆန် ၄၀ ကီလိုအိတ် ၃၄၀၀၀ အိတ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၅၀ ကီလိုအိတ် ၅၀၀၀ အိတ် စုစုပေါင်း ၃၉၀၀၀ အိတ်အား လှူဒါန်းပေးပါသော APTERR နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ သဘာဝဘေးကြောင့် အခက်အခဲဖြစ်ပေါ်နေချိန်တွင် အလှူရှင်များက စေတနာထက်သန်စွာ မေတ္တာဖြင့် ယခုလိုလာရောက်လှူဒါန်းပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က APTERR အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး APTERR အတွင်းရေးမှူးချုပ် Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံမှ သံရုံးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအတိုင်ပင်ခံ Mr. Ouyangdaobing  တို့က လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ လှူဒါန်းသည့်ဆန်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ပြီး APTERR အတွင်းရေးမှူးချုပ် Dr. Choomjet Karnjanakesorn၊ ကိုရီးယားသမ္မတနိုင်ငံ သံရုံးကိုယ်စားလှယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတိုင်ပင်ခံ Mr. Ouyangdaobing တို့က ငလျင်ဘေးသင့်ပြည်သူများထံ လှူဒါန်းသည့်ဆန်များ လွှဲပြောင်းပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)