ဗီယင်ကျန်း၊ ဇွန် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းရာတွင် လာအိုနိုင်ငံမှ ဘွဲ့တံဆိပ်တော်ရရှိသည့် ပြည်ပဘွဲ့ခံဆရာတော်နှင့် လူပုဂ္ဂိုလ်တို့အား အဆိုပါဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းခြင်း မင်္ဂလာအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ ၁၄၀၀ နာရီတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ထက်လွန်ဘုရားပရိဝုဏ်အတွင်းရှိ ဓမ္မဗိမာန်တော်ကြီးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် လာအိုနိုင်ငံ သံဃနာယကနှင့် ဗုဒ္ဓဘာသာဗဟိုအဖွဲ့ချုပ်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး၊ လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီဝင်နှင့် လာအိုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ Mrs. Inlavanh Keobounphanh၊ လာအိုအမျိုးသားလွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီဒုတိယဥက္ကဋ္ဌနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Chanthavong SENAMATMONTRY၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Mr. Bovonethat DUANGCHAK ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီမှ နိုင်ငံခြားရေးရာဌာန၊ တိုင်းရင်းသားလူမျိုးနှင့် သာသနာရေးဌာန၊ ဗုဒ္ဓဓမ္မကောလိပ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အလားတူ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုနှင့် ဇနီး၊ စစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်မောင်စိုးနှင့် ဇနီးနှင့် မြန်မာသံရုံး၊ မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ) မှ ဝန်ထမ်းများလည်း ပါဝင်တက်ရောက် ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ပြီး လာအိုနိုင်ငံ သံဃနာယကနှင့် ဗုဒ္ဓဘာသာဗဟိုအဖွဲ့ချုပ်တို့မှ ဆရာတော် Most Ven. Athipatay Maytryjit က အခမ်းအနားပြုလုပ်ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဖတ်ကြား၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား မိတ်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုက ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်၊ ဝမ်းမြောက်ဂုဏ်ပြုစကားနှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား ဗုဒ္ဓသာသနာအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများကို တင်ပြလျှောက်ထားခဲ့သည်။
ထို့နောက် သံအမတ်ကြီး ဦးအောင်ကိုက ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် လာအိုနိုင်ငံမှ ဆရာတော်ဘုရားကြီး Most Ven Maha Khamma Panyavichit နှင့် လာအိုသမ္မတ၏ ဇနီးဖြစ်သူ Madam Naly Sisoulith တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည်။ ဆက်လက်၍ Most Ven Maha Khamma Panyavichit နှင့် Madam Naly Sisoulith တို့မှ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစကားနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် လာအိုနိုင်ငံသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းခံရသည့် လာအိုနိုင်ငံ သံဃနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီး Most Ven Maha Khamma Panyavichit သည် ရဟန်းဝါတော် (၅၉)နှစ်ရှိပြီး ဗုဒ္ဓကောလိပ်မှ ပိဋကသုံးပုံဘွဲ့ရရှိခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မဗိမာန်များ ဆောက်လုပ်လှူဒါန်းခြင်း၊ တရားပွဲများ၊ ပရဟိတလုပ်ငန်းများ ဦးစီးကျင်းပ ပေးခြင်း၊ နယ်စပ်ဒေသများတွင် သာသနာပြုခဲ့ခြင်းအစရှိသည့် ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး သာသနာပြုလုပ်ငန်းများကို လာအိုနိုင်ငံအတွင်း၌ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိခြင်းစသည့် ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့ခြင်းဖြစ်သည်။
အလားတူ Madam Naly Sisoulith သည် လာအိုနိုင်ငံအတွင်း ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဘုရားစေတီပုထိုးများ၊ သိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အဦများ ဆောက်လုပ်လှူဒါန်းခြင်း၊ ပြုပြင် မွမ်းမံခြင်း၊ ရေတွင်းရေကန်များ တူးဖော်ပေးခြင်း၊ ဗုဒ္ဓသာသနာထွန်းကားမှု အားနည်းသောဒေသများကို ဦးစားပေးလှူဒါန်းခြင်း၊ ရှေးဟောင်းဘုရားဆင်းတုများ တူးဖော်ရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့ခြင်းနှင့် နဝကမ္မလှူဒါန်းခဲ့ခြင်း၊ ဗုဒ္ဓစာပေသင်ကြားသည့်ကျောင်းများ၊ ဆေးရုံများ တည်ထောင်ပေးခြင်းအပြင် အခြားပရဟိတလုပ်ငန်းအမြောက်အမြားကိုလည်း ဦးဆောင်လျက်ရှိခြင်းစသည်ဖြင့် သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလှူဒါန်းနေသူတစ်ဦးဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တွင် ဘွဲ့တံဆိပ်တော်ကို ထိုက်တန်စွာ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment