နျူကလီးယား အဆောက်အအုံနေရာများအား တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှုနှင့် ကြုံရမည်ဟု အမေရိကန်အား အီရန်သမ္မတ သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နျူကလီးယား အဆောက်အအုံနေရာများအား တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှုနှင့် ကြုံရမည်ဟု အမေရိကန်အား အီရန်သမ္မတ သတိပေး


တီဟီရန်၊ ဇွန် ၂၃ 

အမေရိကန်က အီရန်၏ နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်အနေဖြင့် ထိုကျူးကျော်ရန်စမှုအတွက် လက်တုံံ့ပြန်မှုနှင့် ကြုံရလိမ့်မည်ဟု အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ဇွန် ၂၂ ရက်၌ ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် တယ်လီဖုန်းပြောဆိုမှုအတွင်း ပီဇက်ရှ်ကီယန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အီရန်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် မက်ခရွန်၏ တိုက်တွန်းမှုကို တုံ့ပြန်ရာတွင် ပီဇက်ရှ်ကီယန်က အမေရိကန်အနေဖြင့် အီရန်အား တိုက်ခိုက်ခဲ့သည့်အတွက် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်၏ တိုက်ခိုက်မှုမှာ “တွေ့ဆုံဆွေးနွေးမှုကို လိုလားပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည်” ဟူသော ပြောဆိုမှုများ၏ အခြေအမြစ်မရှိခြင်း၊ သဘောထားမမှန်ခြင်းကို ထင်ထင်ရှားရှားပြနေသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် အီရန်အနေဖြင့် ဥရောပနှင့် သံခင်းတမန်ခင်း ဆက်ဆံမှုများအတွက် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ကြောင်း ပီဇက်ရှ်ကီယန်က အလေးအနက်ပြောကြားခဲ့သည်။ “တွေ့ဆုံဆွေးနွေးမှုကနေ ဘယ်သူမှ ထိခိုက်မှုမရှိနိုင်ဘူးလို့ ကျွန်တော်တို့အနေနဲ့ အခိုင်အမာယူဆထားတဲ့အတွက် ဥရောပနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ အပြန်အလှန် ထိတွေ့ဆက်ဆံဖို့ အသင့်ရှိနေတယ်လို့ ကျွန်တော်တို့ဘက်က အမြဲတမ်း အတိအလင်း ကြေညာခဲ့သလို သံတမန်လမ်းကြောင်းကိုလည်း ဘယ်တုန်းကမှ စွန့်လွှတ်ခဲ့ခြင်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ထိုအခါ မက်ခရွန်က အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး ပြင်သစ်အစိုးရအနေဖြင့် ပဋိပက္ခကို ရပ်တန့်၍ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

အမေရိကန် တပ်ဖွဲ့ဝင်များက ဖော်ဒိုး၊ နာတန့်ဇ်နှင့် အက်စ်ဖာဟန် စသော အီရန်၏ နျူကလီးယား အဆောက်အအုံများတည်ရှိရာ နေရာသုံးခုကို တိုက်ခိုက်မှုများ ပြီးမြောက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social ၌ ဇွန် ၂၁ ရက်က ကြေညာခဲ့သည်။

အစ္စရေးက နျူကလီးယား အဆောက်အအုံနေရာများနှင့် စစ်ဘက်ဆိုင်ရာနေရာများ အပါအဝင် အီရန်ရှိ ပစ်မှတ်အများအပြားကို ဇွန် ၁၃ ရက်က တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည့်အတွက် အီရန်၏ အကြီးတန်းတပ်မှူးများ၊ နျူကလီးယား သိပ္ပံပညာရှင်များနှင့် အရပ်သားများ သေဆုံးခဲ့ပြီးနောက် အမေရိကန်က ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အီရန်ကလည်း အစ္စရေးအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်တွင် ဇွန် ၂၁ ရက်အထိ လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ၃,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်တွင်မူ သေဆုံးသူ ၂၄ ဦး ရှိခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)