ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်
အဆွေတော်ခင်ဗျား
၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်တွင်ကျရောက်သော မိမိတို့နှစ်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သည့် မင်္ဂလာအခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် မိမိအနေဖြင့် အဆွေတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရထံသို့ ဂုဏ်ယူဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။
၁၉၅၀ ပြည့်နှစ်၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်နှင့်အညီ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိကြပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း မိမိတို့၏ နှစ်နိုင်ငံဆက်ဆံရေးမှာ တဖြည်းဖြည်းပိုမိုနက်ရှိုင်းလာခဲ့ပြီး ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုမှသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ကို မြှင့်တင်ခဲ့ကြပြီး အေးအတူပူအမျှအနာဂတ်ကို မျှဝေပိုင်ဆိုင်သည့် နှစ်နိုင်ငံအသိုက်အဝန်းထူထောင်ရေး တူညီသည့်ကတိကဝတ်ကို ထားရှိနိုင်ခဲ့ကြပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီ၏ အဓိကအရင်းအမြစ်ဖြစ်ပြီး မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အရေးကြီး သည့်အခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် မိမိတို့နှစ်နိုင်ငံအကြားရှိ ထူးကဲသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှာလည်း နှစ်နိုင်ငံပြည်သူများအကြား ကဏ္ဍစုံကူးလူးဆက်ဆံမှုများဖြင့် ဆက်လက်တိုးပွားလျက်ရှိပါသည်။ ညီအစ်မမြို့တော်များနှင့် ချစ်ကြည်ရေးမြို့တော်မိတ်ဖက် ထူထောင်မှုအရေအတွက် များပြားလာခြင်းကလည်း မိမိတို့နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာလျက်ရှိသည်ကို ထင်ဟပ်ပြသလျက်ရှိပါသည်။
ပြီးခဲ့သည့်နှစ်အတွင်း ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေးကာလအတွင်း အဆွေတော်နှင့်တွေ့ဆုံစဉ် စွမ်းအင်၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းသစ်များနှင့် ပတ်သက်၍ဆွေးနွေးနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်စွာအမှတ်ရမိပါသည်။ အထူးသဖြင့် ဒေသတွင်းနှင့်ကမ္ဘာ့လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိသော အွန်လိုင်းလိမ်လည်မှုများကို အတူတကွတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်ကိုမြှင့်တင်ရန် တူညီသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့မှု အတွက် များစွာနှစ်ထောင်းအားရဖြစ်မိပါသည်။
အခွင့်ကြုံခိုက် မကြာသေးမီကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်အတွက် စေတနာသဒ္ဓါတရား ထက်သန်စွာ အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးမှုများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအား အထူးကျေးဇူးတင်ရှိပါသည်။ ယင်းသို့ စာနာထောက်ထားမှုဖြင့် ကူညီဖေးမမှုများက နှစ်ကာလရှည် ကြာစွာရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေး၏ကျောရိုးဖြစ်သည့် စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုစိတ်ရင်းအမှန်ကို ထင်ဟပ်လျက်ရှိပါသည်။
ထို့အပြင် မြန်မာနိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တရုတ်နိုင်ငံက အခိုင်အမာပံ့ပိုးပေးလျက်ရှိသည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်၍လည်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာ၍ အပြန်အလှန် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်များပြားလာကာ မိမိတို့၏နှစ်နိုင်ငံ၏ မျိုးဆက်သစ်များအတွက် တူညီသည့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများဆက်လက်ရရှိပါစေကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစဉ်ထာဝရငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ အဆွေတော်အား အစဉ်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment