မြစ်ဆုံလျှပ်စစ်စွမ်းအားစီမံကိန်းနဲ့ ပတ်သက်လို့ စာရေးသူအနေနဲ့ ပြန်လည်ဖော်ထုတ်ရေးသားပြဆိုရခြင်းက ဒီစီမံကိန်းဟာ အကောင်အထည် ပေါ်မလာသည့်တိုင်အောင် ရပ်တန့်သွားတဲ့ စီမံကိန်းမဟုတ်ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတာကို ကြည့်ခြင်းအားဖြင့် စီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ ယူဆရပါတယ်။ အနှောက်အယှက်တွေသာ မရှိခဲ့ဘူးဆိုရင် ဒီစီမံကိန်းဟာ ၂၀၁၇ မှာ ပြီးစီးအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း အနှောက်အယှက်တွေ ပေါ်ပေါက်လာတာကြောင့် မြစ်ဆုံစီမံကိန်းကြီး ရပ်ဆိုင်းသွားခဲ့ရတယ်။
ဒီဆောင်းပါးမှာတော့ မြစ်ဆုံစီမံကိန်းကို အနှောက်အယှက်ပေးခဲ့သူတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အဓိက ပြောချင်ပါတယ်။ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိအောင် ကန့်ကွက်မှုတွေ လုပ်ခဲ့ကြသူများဟာ ရိုးသားမှုမရှိဘူးလို့ ဆိုချင်ပါတယ်။ လူထုကြားကို သူတို့တွေ ဖြန့်ဝေခဲ့တဲ့ သတင်းစကားတွေဟာ အမုန်းစကားတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကြောက်တရားတွေ ဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူး၊ ကျော်သူ၊ ဇီးကွက်မ တို့ရဲ့ ဦးဆောင်လှုပ်ရှားကန့်ကွက်မှု အခမ်းအနားတွေကို စာရေးသူအနေနဲ့လည်း တက်ရောက်ခဲ့ဖူးတာတွေ ရှိပါတယ်။ ကန့်ကွက်လှုပ်ရှားသူတွေရဲ့ လက်သုံးစကားတွေကတော့ ဒီဆည်ကြီးဟာ စစ်ကိုင်းငလျင်ကျောပေါ်မှာ ရှိနေတယ်။ ဒီဆည်ကြီးသာ ကျိုးသွားခဲ့ရင် မြစ်ကြီးနားမြို့ဟာ မိနစ်ပိုင်းအတွင်း ရေလွှမ်းမိုးသွားမယ်။ ဒါက လူထုကြားမှာ အကြောက်တရားတွေ ဖြစ်ပေါ်လာအောင် ပြောဆိုတဲ့ ဂျင်းစကားလုံးတွေပါ။ ဒီစကားလုံးတွေ လူထုကြား စိမ့်ဝင်သွားပြီးနောက်မှာ သူတို့ရဲ့ နောက်ဆက်တွဲစကားက ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူများက စုပေါင်းထည့်ဝင်ပြီး ပြန်လျော်မယ်လို့ လှုံ့ဆော်လာပါတယ်။ စီမံကိန်းပျက်စီးရာ ပျက်စီးကြောင်း လှုံ့ဆော်သူတွေက စနစ်တကျ လူထုကြားကို အကြောက်တရားတွေ သွပ်သွင်း၊ ပြီးတော့မှ လူထုကို ငွေညှစ်တဲ့ လုပ်ရပ်၊ ဒါက အရင်းမစိုက်ဘဲ နိုင်ငံရေးအမြတ်ထုတ်တဲ့နည်းပါ။ မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးကော်မတီဆိုတာကို ဖွဲ့စည်းခြင်းဟာလည်း အနောက်အုပ်စုရဲ့ အထောက်အပံ့ကို ဝေစားမျှစားလုပ်မယ့်သူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။
သူတို့တွေရဲ့ ကန့်ကွက်လှုပ်ရှားမှု အကျိုးရလာဒ် က ဘာလဲ။ ပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ဘူး။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်ဖို့ရာ အခက်အခဲတွေ ရှိနေဆဲပဲ။ တစ်နည်းအားဖြင့် ပြောရင် လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးရတယ်။ မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်စွာ ရှိနေမယ်ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်ရုံအလုပ်ရုံတွေ ပေါများလာမယ်။ လူငယ်တွေ ပြည်ပမထွက်ဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။ အခုတော့ လူငယ်အများစုဟာ အလုပ်အကိုင်အခွင့်အလမ်းအတွက် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွါနေကြရတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်နေသူ အများစုဟာ စက်ရုံများမှာ ဝင်ရောက်လုပ်ကိုင်နေကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့ နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်တဲ့ အခြေအနေ ရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကလည်း အခက်အခဲမရှိ လုပ်ငန်းလည်ပတ်နိုင်တယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကောင်း စိတ်ဝင်စားကြလိမ့်မယ်။ အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်အတွက် ခေါင်းစားရတဲ့ အခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေက လက်တွန့်နေကြမှာပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လွယ်ကူတဲ့ အခြေအနေမျိုးဖြစ်အောင် ကျွန်တော်တို့ဘက်က အခြေခံလိုအပ်ချက်တွေကို ပြည့်ဝအောင် ဖန်တီးမပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဦးနော်မန် ပြောတဲ့ စကားလေးတစ်ခွန်းက ပြည်သူများအနေနဲ့ အလေးအနက်ထားသင့်တဲ့ စကားလို့ ယူဆမိပါတယ်။ သူပြောတာက "ဆား ဟာ ဟင်းခွက်တိုင်းမှာ မပါမဖြစ်၊ လျှပ်စစ်ဆိုတာလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်" လို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့သူတွေမှာ ပျက်စီးရာ ပျက်စီးကြောင်း အတွေးပဲ ရှိတယ်။ ဒီစီမံကိန်းအကောင်အထည် မဖော်သင့်ဘူးလို့ ယူဆရင် တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တခြားအစီအမံတွေ သူတို့မှာ ရှိသလားဆိုရင်လည်း သူတို့မှာ ဘာအစီအစဉ်မှ ရှိမနေပါဘူး။ သူတို့ရဲ့ နိုင်ငံရေးအတ္တ က အခြားသော အဖွဲ့အစည်းက တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်မယ့်ကိစ္စလုပ်လည်း ကန့်ကွက်တယ်။ အပြုသဘော မမြင်တတ်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးရေး သူတို့အာဏာရမှလုပ်မယ်။ တိုင်းပြည် တိုးတက်ရေး သူတို့အာဏာရမှ လုပ်မယ်။ သူတို့ အာဏာမရသ၍ တပ်မတော်ကဖြစ်စေ၊ အခြားသောအဖွဲ့အစည်းတွေက ဖြစ်စေ အများပြည်သူ ကောင်းကျိုးဖြစ်စေဖို့ လုပ်တဲ့ အလုပ်ကိုလည်း ဆိုးကျိုးအဖြစ် မြင်လာအောင် ပြည်သူလူထုကို အကြောက်တရားတွေ၊ မဟုတ်မမှန် ဝါဒဖြန့်ချိပြီး အဖျက်အမှောင့် လုပ်တတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ သူတို့ အာဏာရတဲ့အချိန်မှာရော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တကယ်လုပ်သလား မေးရင် မလုပ်နိုင်ပါဘူး။ အနောက်နိုင်ငံများက အကြံပေးတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို ခံရပြီး ကိုယ်ကျိုးရှာတဲ့ အလုပ်ကိုပဲ လုပ်သွားခဲ့ကြပါတယ်။
NLD ပါတီ အာဏာရတဲ့ (၅)နှစ်သက်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ကျပ်၊ (၄၉၂၀၆ သန်းကျော်) ဖြစ်ပါတယ်။ ဦးဝင်းမြင့် ရဲ့ အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၂၃,၀၄၈,၁၈၆,၀၆၅.၇၅(၂၃၀၄၈သန်းကျော်) ဖြစ်ပါတယ်။ NLDပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်း ၂၀ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ဦး တို့ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုဟာ ၁၃,၁၀၉,၉၀၈(၁၃သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ဘီလီယံကျော်) ရှိခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူပြီး သူတို့တွေရဲ့ အာဏာရလိုမှု၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေရလိုမှု ဟာ အများပြည် ကောင်းကျိုးဖြစ်စေဖို့၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ဖို့ မဟုတ်ဘဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာဖို့ ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလည်း အနောက်အုပ်စုရဲ့ စပွန်ဆာရထားသူများက မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မှာကို အသည်းအသန် ကန့်ကွက်ခဲ့ကြတာကို ထောက်ရှုကြည့်ရင် အဖျက်သမားတွေဟာ ငွေရရင် ဘယ်သူ့မျက်နှာမှ မထောက်ဘူး၊ အဖျက်အမှောင့်ပဲ လုပ်တတ်တဲ့ သဘောသဘာဝကို အထင်အရှား ပြဆိုခဲ့ပါတယ်။
အကျိုးဆက်က ဘာလဲဆိုရင် မြန်မာနိုင်ငံအတွင်းမှာ စက်ရုံအလုပ်ရုံတွေ အလုံအလောက် အကောင်အထည်မဖော်နိုင်ဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း မရှိဘူး။ အဲဒီတော့ လူငယ်အများစုဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြည်ပထွက်ကုန်ကြရတယ်။ တိုင်းပြည်ရဲ့ အခြေအနေဟာ အဖျက်သမားတွေကြောင့် မိအေး နှစ်ခါနာ ဆိုသည်ထက် ဆိုးတဲ့အခြေအနေကို ရောက်သွားပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ယှဉ်ရင်တောင် နောက်ကောက်ကျကျန်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုး ရောက်သွားပြန်ရင်လည်း အဲဒီအဖျက်သမားတွေက အစိုးရကြောင့်လို့ အပြစ်ဖို့ကြပြန်တာပဲ။
ဒီအချိန်မှာတော့ အဖျက်သမားတွေရဲ့ ဂျင်းစကားကို အကောင်းဆုံးတုံ့ပြန်လို့ရပြီလို့ ယူဆပါတယ်။ အဖျက်သမားတွေက ဒီစီမံကိန်းကြီးဟာ စစ်ကိုင်းငလျင်ကျောပေါ်မှာ ရှိနေခြင်းကြောင့် ငလျင်သာ လှုပ်ခတ်ရင် ဆည်ကျိုးပြီး မြစ်ကြီးနားမြို့ မိနစ်ပိုင်းအတွင်း ရေလွှမ်းမိုးသွားမယ်ဆိုတဲ့ ဂျင်းနဲ့ ပတ်သက်လို့ -
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ရစ်ချက်တာစကေး ၇.၇ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ညောင်ရွှေ တို့မှာ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြစ်ကြီးနားမှာ ဆိုးရွားတဲ့ထိခိုက်မှု မဖြစ်ခဲ့ပါဘူး။ ဒီလိုငလျင်မျိုးဆိုတာလည်း နှစ်ပေါင်း ၁၀၀ မှာ တစ်ခါသာ လှုပ်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုမိစေလိုတာက အထက်ပေါင်းလောင်းဆည်ဟာ ငလျင်ကျောအတွင်းမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ နေပြည်တော်နဲ့ ကပ်လျက်ပဲ ဖြစ်ပါတယ်။ အထက်ပေါင်းလောင်းဆည်မှာ ထိခိုက်မှုတွေ မရှိခဲ့ဘူးလားလို့မေးရင် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြတာကိုလည်း နိုင်ငံတော်အကြီးအကဲများ သွားရောက်စစ်ဆေးတဲ့ သတင်းထုတ်ပြန်ချက်များအရ သိမြင်နိုင်ပါတယ်။ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ချိန်မှာတောင် အထက်ပေါင်းလောင်းဆည် ဟာ အဖျက်သမားတွေရဲ့ ဂျင်းစကားလို ဆည်ကျိုးပြီး ပျက်စီးသွားတာမျိုး မဖြစ်ခဲ့ပါဘူး။ အထက်ပေါင်းလောင်းဆည်သာ ကျိုးခဲ့ရင် နေပြည်တော် ရေလွှမ်းပြီပေါ့။
ငလျင်မတိုင်မီ ရာဂီမုန်တိုင်းဒဏ်ကြောင့် နေပြည်တော် အနီးဝန်းကျင် ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့အချိန်မှာလည်း အဖျက်သမားတွေက ဆည်ကြီးပဲ ကျိုးပြီလိုလို လူထုကြားကို အကြောက်တရားတွေ ဖြန့်ဝေကြတာပဲ ဖြစ်ပါတယ်။ ဆည်ကြီးကတော့ ကျိုးပေါက်သွားတာမျိုး မဖြစ်ခဲ့ပါဘူး။
ဒီအချက်တွေကို ထောက်ထားပြောဆိုခြင်းက အဖျက်သမားတွေဟာ လူထုကြားကို သတင်းမှားတွေ ဖြန့်ဝေပြီး အကြောက်တရားတွေ သွပ်သွင်းကြတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ငလျင်ဘေးဒဏ်ဆိုးရွားစွာ ခံခဲ့ရတယ်။ ဒီအထဲမှာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တွက်ချက်ပြီး တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ထိခိုက်ပျက်စီးမှု မရှိခဲ့တာကိုလည်း တွေ့မြင်နိုင်ပါတယ်။
ဒါတွေကို တွက်ဆကြည့်ခြင်းအားဖြင့် ငွေကြေးအရင်းအနှီးမြောက်များစွာ ရင်းနှီးမတည်ပြီး လုပ်တဲ့စီမံကိန်းကြီးတစ်ခုကို ပြီးစလွယ်လုပ်လိမ့်မယ်ဆိုတဲ့ လူပိန်းအတွေးနဲ့ လူထုကြားကို သတင်းမှားတွေ ဖြန့်ဝေနေတာဟာ ဘယ်လိုမှ လက်ခံယုံကြည်လို့ မရပါဘူး။
ငလျင်ဘေးဒဏ် ဆိုးရွားစွာ ရင်ဆိုင်လိုက်ရပြီးချိန်မှာ အဆောက်အဦ ဆောက်လုပ်ရာမှာ အားနည်းချက်ရှိတာတွေကို နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း လိုက်လံစိစစ်ပြီး ထပ်မံဆောက်လုပ်တဲ့ အဆောက်အဦတွေမှာ အရည်အသွေးမှန်ကန်အောင်၊ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် တွက်ချက် ဆောက်လုပ်ကြဖို့ လမ်းညွှန်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကြီး အကောင်အထည်ဖော်မယ်ဆိုရင်လည်း ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အခြေအနေမျိုး ခိုင်မာအောင် တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများအပိုင်းကလည်း များပြားလှစွာသော ရင်းနှီးမတည်ငွေကို အဟောသိကံဖြစ်အောင်တော့ မလုပ်ဘူးဆိုတာက ပြေးမကြည့်နဲ့ တွေးကြည့်ရင်တောင် သိနိုင်ပါတယ်။ ပမာဏများပြားလှစွာသော အရင်းအနှီးနဲ့ လုပ်ကိုင်ရမယ့် စီမံကိန်းကြီးတစ်ခု လွယ်လင့်တကူ ပျက်စီးဆုံးရှုံးအောင် လုပ်လိမ့်မယ်ဆိုတဲ့ အတွေးဟာတော့ အဖျက်သမားစိတ်၊ အဖျက်သမားအတွေးပဲ ဖြစ်ပါလိမ့်မယ်။ မိမိတို့ တနိုင်တပိုင် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်တဲ့ အလုပ်ကိုပင် အလေအလွင်မဖြစ်အောင်၊ ဆုံးရှုံးမှုမဖြစ်ပေါ်ရလေအောင် စနစ်တကျ တွက်ချက်ဆောင်ရွက်ကြတာပဲ မဟုတ်ပါလား။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားတဲ့ တတ်သိပညာရှင်တွေအနေနဲ့ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိဖို့၊ ပျက်စီးဆုံးမှု မဖြစ်ပေါ်စေဖို့ စနစ်တကျ တွက်ချက် လုပ်ကိုင်မှာကိုတော့ အထူးပြောဖို့တောင် လိုမယ်မထင်ပါဘူး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းထားပြီဆိုတဲ့ သတင်းထွက်လာခဲ့တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးက မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်နိုင်ခဲ့ရင် ဒီနေ့ဒီအချိန်မှာ လျှပ်စစ်ဓာတ်အား အလုံအလောက်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားချက် ထွက်ပေါ်လာတဲ့အချိန် အဖျက်သမားတွေရဲ့ မလိုလားအပ်တဲ့ စကားသံတချို့ ကြားလာရတာ ရှိပါတယ်။ အဖျက်သမားဆိုတာတော့ အဖျက်သမားပါပဲ။ အများပြည်သူ ကောင်းကျိုးဖြစ်မယ့်ကိစ္စဆို မလိုလားဘူး။ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်မယ့် စီမံကိန်းကို ဆိုးကျိုးဖြစ်လိမ့်မယ်လို့ ထင်မြင်လာအောင်အထိ လုပ်ကြံလီဆည်ပြောဆိုတတ်ကြပါတယ်။
မြစ်ဆုံစီမံကိန်းကို ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြသူအများစုဟာ ယနေ့ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုထဲမှာ ပါဝင်နေကြတယ်။ သေတဲ့သူလည်း သေပြီ၊ ပြည်ပကို ထွက်ပြေး တဲ့သူလည်း ပြေးပြီ။ ပြည်သူလူထုကို အကြမ်းဖက်လှုပ်ရှားမှုနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေတဲ့ အဖျက်သမားတွေရဲ့ စကားတွေကို ပြန်လည်ဆန်းစစ်ကြည့်ရင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ သူတို့တွေရဲ့ ကန့်ကွက်လှုပ်ရှားမှုမှာ ပြည်သူလူကို ပေးခဲ့တဲ့ သတင်းစကားတွေကလည်း မမှန်ကန်ဘူး ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။
အဖျက်သမားများဟာ အများပြည်သူကောင်းကျိုးဖြစ်မှာကို မလိုလားတဲ့အတွက်ကြောင့် ဒီစီမံကိန်းကြီးကို ကန့်ကွက်လှုပ်ရှားခဲ့ကြခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ကွယ်က ကူညီပံ့ပိုးသူတွေကတော့ အနောက်အုပ်စုပဲ ဖြစ်ပါတယ်။ သူတို့လုပ်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေဆိုသည်မှာလည်း အနောက်အုပ်စုကပေးတဲ့ စပွန်ဆာနဲ့ လုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ သူတို့ကိုယ်ကျိုးစီးပွားသာကြည့်ပြီး အများပြည်သူ ကောင်းကျိုးဖြစ်မယ့် မြစ်ဆုံစီမံကိန်းကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ခဲ့သူတွေဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမထားတဲ့ ပြည်ဖျက်မိစ္ဆာ လူ့ငနွားတွေလို့ ပြောရင်လည်း မမှားပါဘူး။
ဒါတွေကို ပြန်ပြီး အစဆွဲထုတ်ရခြင်းက ရန်ကုန်မြို့ပေါ်မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရဘူး။ မန္တလေးမြို့က သာပြီး ဆိုးတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ ပညာတတ်လူငယ်တွေမှာ လျှပ်စစ်မရှိလို့ မိမိတို့ တတ်တဲ့ အတတ်ပညာနဲ့ စမ်းသပ်တီထွင်မှုတွေ မလုပ်နိုင်ဘူးဆိုတဲ့ အသံတွေလည်း ကြားလာရတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့က အဖျက်သမားတွေရဲ့ ဂျင်းစကားတွေကို ယုံစားပြီး အမှောင်ထဲမှာ ညည်းတွားနေမလား။ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်ကို အမှောင်ထဲမှာပဲ ထားခဲ့မလား။ အလင်းဖွင့်ပေးမလား။ တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအပေါ် အပြုသဘောရှုမြင်ဖို့နဲ့ အဖျက်သမားတွေကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။
(ဆက်လက်ရေးသားဖော်ပြပါမည်)
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment