ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲပြုစုတင်ပြရေးအစည်းအဝေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့အစည်းအဝေးများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲပြုစုတင်ပြရေးအစည်းအဝေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့အစည်းအဝေးများ ကျင်းပ


နေပြည်တော်၊ ဇွန် ၁၃

ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲပြုစုတင်ပြရေးအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံရန်လျာထားချက်နှင့် ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်လာစေရေးအတွက် သုံးသပ်လေ့လာတွေ့ရှိချက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးများက ဒေသတွင်း အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အခွန်ကောက်ခံရရှိမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် SME နှစ်ဆင့် ချေးငွေစီမံကိန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က SME နှစ်ဆင့် ချေးငွေစီမံကိန်း အဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်း အဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institutions – PFI) ဘဏ်ခြောက်ဘဏ်မှ တစ်ဆင့် ၂၀၂၅ ခုနှစ် မေလကုန်အထိ SME လုပ်ငန်းရှင် ၆၉၇ ဦးသို့ ချေးငွေကျပ် ၁၆၈ ဒသမ ၂၆၅ ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၅ ခုနှစ် မေလကုန်အထိ SME လုပ်ငန်းရှင် ၁၉၉၁ ဦးသို့ ချေးငွေကျပ် ၄၀၃ ဒသမ ၄၅၀ ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းရည်မှန်းချက်များကို ပြည့်မီစွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ချေးငွေစည်းကမ်းများနှင့်အညီ ချေးငွေများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ချေးငွေအသစ်များကို သတ်မှတ်ထားသည့် ချေးငွေ စည်းမျဉ်း/စည်ကမ်းများနှင့်အညီ ထုတ်ချေးနိုင်ရေး စနစ်တကျကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ချေးငွေများထုတ်ချေးရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် လုပ်ငန်းအဖွဲ့ဝင်များက SME နှစ်ဆင့်ချေးငွေထုတ်ပေးထားမှု၊ ချေးငွေပြန်လည်ပေးဆပ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)