ဇွန် - ၁၃ ( သောကြာနေ့ )
အီရန်သည် ၎င်း၏ ပိုင်နက်အတွင်း အစ္စရေး၏ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မယ်လို့ အဓိပတိခေါင်းဆောင် အလီခါမေနီ က ဒီကနေ့ ပြောကြားခဲ့ပြီး အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အကြီးတန်းတပ်မှူးများ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အီရန်နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများနှင့် နာတန်ဇ် ရှိ နျူကလီးယား သန့်စင်စက်ရုံအပါအဝင် ဒါဇင်နှင့်ချီသော ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။ စစ်ဆင်ရေးရည်မှန်းချက်မှာ အီရန်ရဲ့နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်နိုင်မှုကို တားဆီးရန် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု က ပြောကြားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်မှာ ခါမေနီက အစ္စရေးအနေနဲ့ “ပြင်းထန်သော ပြစ်ဒဏ်ကို မျှော်လင့်ထားသင့်တယ်”လို့ သတိပေးခဲ့ပါတယ်။ “တပ်မှူးများနှင့် သိပ္ပံပညာရှင်များစွာ” အသတ်ခံခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ နောက်ပြီး IDF က လူနေရပ်ကွက်များကိုတောင် လက်မရှောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ အီရန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ်က အဆိုပါ တိုက်ခိုက်မှုကို “ဗြောင်ကျကျ ရန်လိုမှု” အဖြစ် ဖော်ပြခဲ့ပြီး “ချေမှုန်းခြင်း” နဲ့ တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။
အီရန်မီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသူများတွင် အီရန်ထိပ်တန်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ တပ်မှူး ဟော့စိန်ဆာလာမီ၊ ဒုတိယစစ်ဦးစီးချုပ် ဂိုလန်အလီရာရှစ် နဲ့ နျူကလီးယားသိပ္ပံပညာရှင် များဖြစ်တဲ့ မိုဟာမတ် မက်ဒီ တာရန်ချီ နဲ့ ဖီရေဒွန် အဘာဆီ တို့ ပါတယ်လို့ သိရပါတယ်။
လာမယ့် တနင်္ဂနွေနေ့တွင် အိုမန်နိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားသော အမေရိကန်နှင့် အီရန်တို့ကြား ခြောက်ကြိမ်မြောက် နျူကလီးယား ဆွေးနွေးပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဒီကနေ့ အစ္စရေး ရဲ့ တိုက်ခိုက်မှုများ က ဝါရှင်တန်အစိုးရ နဲ့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
အီရန်သည် အရပ်ဘက်သုံးရည်ရွယ်ချက်အတွက် နျူကလီယား သုတေသနပြုလုပ်ပိုင်ခွင့်ကို တောင်းဆိုထားပြီး နျူကလီးယားလက်နက်များကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်းစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment