နေပြည်တော် ၊ ဇွန် ၁၈
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်ဝန်းကျင်စိမ်းလမ်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ H-1 လမ်းမကြီးဘေး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပိတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် ပိတောက်၊ ဆီသပြေနှင့် ပန်းမယ်ဇလီ စုစုပေါင်း ၆၅၀ ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းအတွင်း ကွန်ကရစ်လမ်းများတွင် ရေညှိများဖယ်ရှားရှင်းလင်းထားရေး၊ ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ခြုံနွယ်ပေါင်းမြက်များရှင်းလင်းဆောင်ရွက်ရေး၊ ကျောင်းအတွင်းရှိ အပင်များအား အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းပြီး အလင်းဖွင့်ဆောင်ရွက်ထားရေး၊ ကျောင်းအားကစားကွင်းအား အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမသို့သွားရောက်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ပန်းခင်း(၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ One Stop Service ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးပြီး One Stop Service ဖြင့် ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေး အပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့ သီရိရတနာမြို့မဈေးသို့ သွားရောက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဈေးသူဈေးသားများနှင့် ပြည်သူလူထုများအား အမှိုက်စို ၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိအမှိုက်များ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး သရုပ်ပြပွဲဆောင်ရွက်နေမှုကို တက်ရောက်အားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် လမ်းဘေးဝဲယာ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment