အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြိုးပမ်းသွားကြစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြိုးပမ်းသွားကြစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား










ပဲခူး၊ ဇွန် ၅

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူသားများသည် လူ့သဘာဝဆန္ဒဖြစ်သည့် စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်လိုမှု၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အသုံးအဆောင်ပစ္စည်းများ ပိုမိုကောင်းမွန်အောင် တီထွင်ထုတ်လုပ်လာခြင်းနှင့်အတူ အမှန်တကယ် လိုအပ်ချက်အပြင် အနာဂတ်တွင် လိုအပ်နိုင်သည်ဟု ယူဆတွေးတောမိသော အသုံးအဆောင်ပစ္စည်းများကို ရယူထားလိုခြင်းကြောင့် စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့်အတူ သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာကြကြောင်း၊ သဘာဝအရင်းအမြစ်များ လိုအပ်သည်ထက် ပိုမိုသုံးစွဲလာခြင်းနှင့်အတူ လူတို့၏ မဆင်မခြင်သုံးစွဲစွန့်ပစ်မှုကြောင့် ပလတ်စတစ် ညစ်ညမ်းမှုကိစ္စရပ်ဖြစ်ပေါ်လာရကြောင်း၊ ပလတ်စတစ်သုံးစွဲမှုနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မှီတင်းနေထိုင်သည့် ကမ္ဘာကြီးရေရှည်စဉ်ဆက်မပြတ်ဖွံဖြိုးတိုး တက်စေဖို့ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း ယှဉ်ပြိုင်ရာ၌ အကောင်းဆုံးဆုရရှိကြသည့် ကျောင်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် ဥပဒေချုပ်တိုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး အသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများက ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဖတ်ကြားခြင်း Video Clip ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သီချင်းတိုအား ကြည့်ရှုခဲ့ကြပြီး ပြခန်းအတွင်း ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)