ဝါရှင်တန်၊ ဇွန် ၂၁
အမေရိကန်သမ္မတ Donald Trump ဟာ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မလားဆိုတာကို သီတင်းနှစ်ပတ်အတွင်း ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေအတွက် တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးနဲ့ အီရန်အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ခြေ ရှိတာနဲ့ ပတ်သက်ပြီး မစ္စတာ Trump က အရိပ်အမြွက် ပြောကြားခဲ့ပြီး "လုပ်ရင်လုပ်မယ်၊ မလုပ်ရင် မလုပ်ဘူး" လို့ ဆိုပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး Karoline Leavitt က ဒီကိစ္စနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုချက် အများအပြား ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
သူက မစ္စတာ Trump ဆီက ရရှိခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြခဲ့ပါတယ်။ "မဝေးတော့တဲ့အနာဂတ်မှာ အီရန်နဲ့ ညှိနှိုင်းဆွေးနွေးနိုင်ခြေ ရှိကောင်းရှိနိုင်တယ်။ မရှိရင်လည်း မရှိဘူး။ ဒါပေမဲ့ ညှိနှိုင်းဆွေးနွေးဖို့ သိသာထင်ရှားတဲ့ အခွင့်အလမ်း ရှိတယ်ဆိုတဲ့ အချက်ကို အခြေခံပြီး လာမယ့် သီတင်းနှစ်ပတ်တာအတွင်း ဆုံးဖြတ်ပါမယ်" လို့ မစ္စတာ Trump က ပြောကြားခဲ့ကြောင်း သိရပါတယ်။
သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို တုံ့ပြန်ပြောဆိုရာမှာ မီးစ် Leavitt က မစ္စတာ Trump ရဲ့ အစိုးရအဖွဲ့နဲ့ အီရန်အစိုးရအကြား အဆက်အသွယ် ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။
"သံတမန်ရေးအရ အခွင့်အလမ်းရှိလာရင် သမ္မတက သေချာပေါက် အသုံးချမှာ ဖြစ်တယ်ဆိုပေမဲ့ အင်အားသုံးဖို့လည်း တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး" လို့ မီးစ် Leavitt က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
နှစ်ဦးနှစ်ဖက် ဆက်သွယ်ပုံနည်းလမ်းအပါအဝင် အသေးစိတ် အချက်အလက်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားဖို့တော့ ငြင်းဆိုခဲ့ပါတယ်။
မစ္စတာ Trump ဟာ အီရန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အနာဂတ်မှာ ပြုလုပ်နိုင်တဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေကို ချိန်ဆနေပြီး အခုသီတင်းပတ်ကုန်အထိ နိုင်ငံ့လုံခြုံရေးကောင်စီအစည်းအဝေးတွေကို နေ့စဉ်ကျင်းပဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
Ref - NHK
https://t.me/MyanmarNationalPost
No comments:
Post a Comment