ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၈) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ပေးပို့သည့်သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၈) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ပေးပို့သည့်သဝဏ်လွှာ


(၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်)

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) ၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ မင်္ဂလာအခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ပြည်သူများကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

လွန်ခဲ့သည့် ၂၈ နှစ်က ယခုကဲ့သို့နေ့မျိုးတွင် ဗန်ကောက်ကြေညာစာတမ်းကို လက်မှတ်ရေးထိုး၍ ဘင်းမ်စတက်ကို တည်ထောင်ခဲ့ကြပြီး တန်းတူညီမျှမှုနှင့် မိတ်ဖက်ဆက်ဆံရေးကို အခြေခံသော လက်တွဲကြိုးပမ်းအားထုတ်မှုများဖြင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်သည့် အရေးကြီးသော ပလက်ဖောင်းတစ်ခုအစပြုခဲ့ပါသည်။

မကြာသေးမီက ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု၊ လေးစားရသော ဘင်းမ်စတက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးကြေညာစာတမ်း၊ ဘင်းမ်စတက်ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ နှင့် ဘင်းမ်စတက်ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုချမှတ်နိုင်ခဲ့မှုနှင့် မိမိတို့ဝန်ကြီးများက ပင်လယ်ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့မှုတို့ကို မိမိအနေဖြင့် ကျေနပ်စွာဖြင့် ဂုဏ်ယူစွာ ပြန်ပြောင်းအမှတ်ရမိပါသည်။ ဤအောင်မြင်မှုများသည် ဘင်းမ်စတက်လုပ်ငန်းစဉ်ကို ပြန်လည်အားဖြည့်ပေးပြီး ဘင်းမ်စတက်ကို အဖွဲ့ဝင်နိုင်ငံများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည့် တက်ကြွ၍ ရလဒ်ကိုအခြေပြုသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းရန် လှုံ့ဆော်ပေးမည်ဟု ယုံကြည်ပါသည်။

ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် မိမိတို့ဒေသ၏ ကြီးမားသောအလားအလာနှင့် မိမိတို့၏ ဘုံရည်မှန်းချက်များ ရရှိအောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ခြင်း၏ စွမ်းအားကို အမှတ်ရစေပါသည်။ မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ အပြန်အလှန်နားလည်မှုကို အားပေးရန်၊ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန်နှင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များအတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်ကြရန် တိုက်တွန်းအပ်ပါသည်။

အတူတကွပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ဘုံစိန်ခေါ်မှုများကို ကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)