တာမွေ၊ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လာပါက ထိခိုက်နစ်နာဆုံးရှုံးမှုများ တတ်နိုင် သမျှ လျော့နည်းစေရန်အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း “ ဇွဲ ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန် အောင်က မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဦးစီးမှူး ဦးစောမင်းလွင်က ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့် အသိပညာပေး အသီးသီး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား/သူလေးများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယနေ့တွင် တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း “ မြတ်ပန်းသဇင် ”ခန်းမ၌လည်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment