ကြံခင်း၊ ဇွန် ၁၀
၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက် ရှိ ပညာဆီးမီးဓမ္မရုံတော်တွင် ယနေ့ ညနေ ၃ နာရီက ကျင်းပခဲ့ရာ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ အလှူရှင်များ ကြွရောက်ချီးမြှင့်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် စာဖြေ ရဟန်း၊ သာမဏေများအား နဝကမ္မဝတ္ထု အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး၊ ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲဖြေဆို အောင်မြင်တော်မူကြ သော စာအောင် ရဟန်း၊ သာမဏေ အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် နဝကမ္မ ဝတ္ထုအလှူငွေ များကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက အသီးသီး ဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ် ပါဠိ ပထမပြန် စာမေးပွဲတွင် ပထမလတ်တန်းအောင် ၁ ပါး၊ ပထမငယ်တန်းအောင် ၁ ပါးနှင့် အခြေပြု မူလတန်းအောင် ၉ ပါး၊ စုစုပေါင်း သာသနာ့အာဇာနည် ရဟန်း၊ သာမဏေ ၁၁ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment