ကော့သောင်း ၊ ဇွန် ၁
ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် သွင်းအားစုပေးအပ်ခြင်းနှင့် ကော်ဖီ၊ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၃၁ ရက်နေ့နံနက်(၉)နာရီခန့်က ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျင်းပရာအဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက"နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ သီးနှံများ အထွက်တိုးတက်ရေးနှင့် အဓိကသီးနှံများရဲ့ ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးကောင်းမျိုးသန့်များပြောင်းလဲသုံးစွဲရေး၊ မြေစနစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီ လွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော့သောင်းခရိုင်နဲ့ ဘုတ်ပြင်းခရိုင်အတွင်းမှာရှိတဲ့ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့၊ ဓါတ်မြေဩဇာစတဲ့ သွင်းအားစများကို အကျိုးဆောင်တောင်သူများအား ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း၊တနင်္သာရီတိုင်းဒေသကြီးသည် နှစ်ရှည်သီးနှံများဖြစ်သည့် ဆီအုန်း၊ ရော်ဘာများကို အဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး Agro-ecological Zone အရ ဈေးကွက်ဝင် အမယ်သစ်သီးနှံများဖြစ်တဲ့ ကိုကိုး၊ကော်ဖီစတဲ့ သီးနှံများစိုက်ပျိုးဖြစ်ထွန်းတဲ့အတွက် ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်ပျိုးပင်များကို စိုက်ပျိုးဖို့လိုအပ်ပါကြောင်း၊ ကိုကိုး၊ ကော်ဖီပျိုးပင်များကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အခမဲ့ ဖြန့်ဖြူးပေးနေသည့်အတွက် တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် အမြဲမပြတ်ဆက်သွယ် ဆောင်ရွက်ပြီး ကိုကိုး၊ ကော်ဖီစိုက်ဧရိယာတွေ တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားကြလျှင် တစ်ချိန်မှာ တောင်သူများ၏ တစ်ဦးချင်း ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၊နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးသာမက အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များထုတ်လုပ်ပြီး တောင်သူများဝင်ငွေတိုးစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တောင်သူများအနေဖြင့် ကာယ၊ ဉာဏ၊ လုံ့လ ဝီရိယ၊ ခေတ်မီနည်းပညာ၊ မြေ၊ ရေ၊ စသည့် အရင်းအမြစ်များအားလုံး ပေါင်းစပ်ပြီးမျှော်မှန်း ထားရှိသည့် ရလဒ်များရရှိနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း"အမှာစကားပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက်သွင်းအားစု ပေးအပ်ခြင်းနှင့် ကော်ဖီ၊ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းပတ်သက်၍ ရှင်းလင်း တင်ပြသည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်နှင့် တိုင်းအစိုးရဝန်ကြီးများက တာဝန်ရှိသူများအား သွင်းအားစုအနေဖြင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ ဆောင်ရွက်နေသည့် ကော့သောင်းခရိုင်ရှိ ချောင်းဝကျေးရွာမှ တောင်သူ(၁၈)ဦး စိုက်ဧက (၈၅)ဧကအတွက် မျိုးစပါး GW-11 ၅၅တင်း၊ဆင်းသုခ ၃၀တင်းနှင့်အောင်နိုင်တိုး ၁၀ တင်း၊ ဓာတ်မြေဩဇာ (၄၂.၅) အိတ်၊ သဘာဝမြေဩဇာ (၁၇၀) အိတ်၊ ဘုတ်ပြင်းခရိုင်ရှိ အောက်လိပ် ကျေးရွာမှ တောင်သူ(၄၅)ဦး၊ စိုက်ဧက (၃၂၅)ဧကအတွက် ဆင်းသုခ ၃၀၀ တင်း၊ပေါ်ဆန်းရင် ၂၅ တင်း၊ဓာတ်မြေဩဇာ(၁၆၅)အိတ်၊ သဘာဝမြေဩဇာ(၆၅၀) အိတ်အားလည်းကောင်း၊ ကော့သောင်းခရိုင်ရှိ ကိုကိုးစိုက်ပျိုးတဲ့ အကျိုးဆောင်တောင်သူ(၅)ဦးအတွက် ကိုကိုးပျိုးပင် (၇,၀၀၀)ပင်၊ ကော်ဖီစိုက်အကျိုးဆောင်တောင်သူ(၂၉)ဦးအတွက် ကော်ဖီပျိုးပင်(၄၀,၀၀၀)ပင်နှင့် ဘုတ်ပြင်းခရိုင်ရှိ ကိုကိုးစိုက်ပျိုးတဲ့ အကျိုးဆောင်တောင်သူ(၇)ဦး အတွက် ကိုကိုးပျိုးပင်(၈,၀၀၀)ပင်၊ ကော်ဖီစိုက်အကျိုးဆောင်တောင်သူ(၅) ဦးအတွက် ကော်ဖီပျိုးပင်(၃၀, ၀၀၀)ပင်တို့အားထောက်ပံ့ပေးအပ်ကြသည်။အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်နှင့်တိုင်းအစိုးရဝန်ကြီးများကစိုက်ပျိုးရေးဦးစီး ဌာန၏ တောင်သူပညာပေးပြခန်းအား ကြည့်ရှုအားပေးကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment