ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ





  မုံရွာ ဇွန် ၁

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင်  ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းအခမ်းအနားကို မေလ ၃၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဩဝါဒခံယူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဌသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး ပြိုကျပျက်စီးမှုများအပေါ် ရှင်းလင်းပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များအား ဦးစွာလျှောက်ထားခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အင်ဂျင်နီယာများက ငလျင်ဒဏ်ကြောင့် စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးနှင့်ပြုပြင်ဆောင်ရွက်သွားမည့်အခြေအနေများကို Power Point ဖြင့် ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်မှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ဖြည့်စွက်လျှောက်ထားခဲ့သည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် နိုင်ငံတော်အဆင့် ထေရ်ကြီး၊ ဝါရ်ကြီး ဆရာတော်ကြီးများက ဩဝါဒကထာမြွတ်ကြားကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံး ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ တာဝန်ရှိသူများက ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)