ချမ်းအေးသာစံ ၊ ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊မြို့နယ်ခုနစ်ခုရှိ ငလျင်ဘေးသင့် သံဃာတော်များ နှင့် သီလရှင်အပါး ၁၁၁၀၀ အတွက် မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း၊ မြန်မာပြည်ဖွားတရုတ်မျိုးနွယ်စုနှင့် စေတနာ အလှူရှင်များစုပေါင်း၍ ဆန်၊ ဆီ၊ ကုလားပဲများလှူဒါန်းခြင်း အခမ်းအနားကို ဇွန်၂၉ရက်နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ မာန်အောင်ရတနာစေတီတော် ဝါခင်းကုန်းဘုရားရှိ သိန်းသန်းရတနာ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဒဏ္ခိဏာရာမ ဘုရားကြီးတိုက် ဇောတိကာရုံအုဋ်ကျောင်း ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသဝသီရိ အမှူးပြုသည့် ပင့်သံဃာတော် (၅၅)ပါးနှင့် သီလရှင် (၁၀)ပါးတို့ ကြွရောက်ချီးမြှင့်တော်မူသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Ms. Gao Ping ၊ မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော် ဆောင်ဆရာတော်ထံက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ်တို့ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဒဏ္ခိဏာရာမ ဘုရားကြီးတိုက် ဇောတိကာရုံအုဋ် ကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသဝသီရိထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ကလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးဝန်ကြီများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်သံဃာတော်၊ သီလရှင်များအတွက် ဆန်၊ ဆီ နှင့် ကုလားပဲ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ပင့်သံဃာ တော်(၅၅)ပါးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ၊ သီလရှင်(၁၀)ပါးအား လှူဒါန်းငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မာန်အောင်ရတနာစေတီတော် ဝါခင်းကုန်းဘုရားဘက်စုံပြုပြင် မွမ်းမံနိုင်ရန်အတွက် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ စေတနာရှင်၊ အလှူရှင်များစုပေါင်း၍ အလှူငွေကျပ် (၂၅)သိန်း၊ ဦးဝင်းမောင်+ဒေါ်ဝါဝါ မိသားစုက အလှူငွေကျပ် (၂၅)သိန်းနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌက အလှူငွေကျပ် (၁၀)သိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်း ကျောင်းတိုက်ဆရာတော်ထံက လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားတော်များကို နာယူကြည်ညို၍ ရေစက်သွန်းလောင်းအမျှပေးဝေပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ယနေ့လှူဒါန်းမှုမှာ ငလျင်ဘေးသင့်သံဃာတော် အပါး ၁၀၆၀၀ နှင့် သီလရှင် အပါး ၅၀၀ စုစုပေါင်း ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် အပါး ၁၁၁၀၀ အတွက် တစ်ပါး လျှင် ဆန်ခြောက်ပြည်၊ ကုလားပဲတစ်ပိဿာ နှင့် ဆီ(၅၀)ကျပ်သား တစ်ဘူးနှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၆၀၀၀ ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment