နေပြည်တော်၊ ဇွန် ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းသည် ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီ ဥက္ကဋ္ဌဒေါက်တာလင်းဇော်ထွန်းတို့ လိုက်ပါလျက် (၂၉-၆-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်၊ လွယ်တော်ခမ်းအုပ်စု၊ ရေပူစမ်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိပြည်သူများ၏ ရွာလုံးကျွတ် ပါတီသို့ ဝင်ရောက်ခြင်း ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပါတီ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့အား ရေပူစမ်း ကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာခေါင်းဆောင်များနှင့် တိုင်းရင်းသားပြည်သူများမှ ခရီးဦးကြိုဆို နှုတ်ဆက်ကြပါသည်။
အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ မိမိတို့ပါတီသည် ပြည်ခိုင်ဖြိုး အသင်းကာလအဖြစ် (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးမှ ယခု ပါတီ အဖြစ် ရပ်တည်ခဲ့သည်မှာ (၁၅)နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပြီး အသင်းကာလမှ ဆိုလျှင် (၃၂)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊(၂၀၁၀ခုနှစ်) ရွေးကောက်ပွဲတွင် မိမိတို့ ပါတီမှ အနိုင်ရ၍ (၂၀၁၀-၂၀၁၅) ခုနှစ်ကာလအတွင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ဦးဆောင်၍ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ပြည်သူများအားလုံး လိုလားတောင့်တသော ဒီမိုကရေစီလမ်းကြောင်း ပေါ် သို့ တိုင်းပြည်ကို ရောက်အောင် တင်ပေး နိုင်ခဲ့ကြောင်း၊ မိမိတို့ ပါတီဝင်များအနေဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆိုသည့် ပါတီ၏ ဆောင်ပုဒ် နှင့်အညီ နိုင်ငံနှင့်ပြည်သူ့အတွက် ကြိုးစားဆောင်ရွက်လျက် ရှိပြီး ရေပူစမ်းကျေးရွာအနေဖြင့် ယခုကဲ့သို့ကျေးရွာလုံးကျွတ် ပါတီသို့ ဝင်ရောက်၍ လက်တွဲပူးပေါင်းလာမှုအပေါ် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တိုင်းပြည် တည်ငြိမ် အေးချမ်း ရေးသည် အဓိကကျပြီး ၎င်းပေါ်မူတည်၍ ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆောင်ရွက်ရတာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်အောင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ မိမိတို့ပါတီ သည် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးနှင့် စုဖွဲ့ တည်ဆောက်သော ပြည်ထောင်စုပါတီဖြစ်တဲ့အတွက် ယခုဒေသမှာ ရှိကြတဲ့ လားဟူ၊ အခါ၊ ဂုဏ်သျှမ်း၊ တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းပြီး ပါတီနှင့် လက်တွဲကာ တိုင်းပြည်အကျိုးကို ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာတာဝန်ခံမှ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ထံသို့ ပါတီဝင် အဆိုပြုလွှာ (၅၀၀) အား လည်းကောင်း၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ လင်းဇော်ထွန်း ထံသို့ ပါတီဝင်ကြေးများအားလည်း ကောင်း ပေးအပ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ ပါတီဝတ်စုံများနှင့်ပါတီ ရင်ထိုးတံဆိပ်များအား ကျေးရွာတာဝန်ခံ များထံသို့ ပေးအပ်ခဲ့ပါသည်။
ကျေးရွာ ကိုယ်စားလှယ်များမှလည်း ယခုကဲ့သို့ ကျေးရွာလုံးကျွတ် ပါတီသို့ ဝင်ရောက်ခဲ့ရခြင်းအပေါ် ရှင်းလင်းပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment