နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် H.E. မစ္စတာ Alexander Gregoryevich Lukashenko နှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် H.E. မစ္စတာ Alexander Gregoryevich Lukashenko နှင့် တွေ့ဆုံဆွေးနွေး




နေပြည်တော်၊ ဇွန် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko သမ္မတနန်းတော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုအကြိမ်တွေ့ဆုံမှုတွင် ယခင်က တွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည်များကို ဆွေးနွေးသွား မည် ဖြစ်ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျ ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင်သာမက စီးပွားရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေဖြင့် ဆန္ဒရှိကြောင်းကိုပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်ပြောကြားပြီး ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 EEF 2025)အား အိမ်ရှင်အဖြစ်ကျင်းပနေချိန် လုပ်ငန်းတာဝန်များ များပြားသည့်ကြားမှ လက်ခံတွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ်တွင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအမြန်ဆုံးစေလွှတ်ပေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးခဲ့သည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိသည်ကို မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကိုယ်စား ထပ်လောင်း ပြောကြားလိုပါကြောင်း။

စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေ ဖြင့်လည်း ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ တို့သည် နှစ်နိုင်ငံအကြားရှိပြီးဖြစ်သည့် ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ် သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ တို့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 EEF 2025) သို့ တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံဖြစ်သည့် ဥစဘက်ကစ္စတန်နိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ အစိုးရအဖွဲ့အကြီးအကဲ ကိုယ်စားလှယ်များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)